ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

မဲပေးခြင်းမရှိပါက ငွေကြေးပြစ်ဒဏ်နှင့် ထောင်ချအရေးယူသည့်ထိ အရေးယူမှုများ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ပြည်သူများ သန်လျင်မြို့နယ်မှ ပြည်သူအချို့ မဲသွားရောက် ပေးနေရကြောင်း သိရသည်။

မဲစာရင်း စစ်ဆေးရန်ပင် စိတ်မပါသည့် ပြည်သူများကို ရပ်ကွက်အပိုင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် မဲစာရင်းပြုလုပ်သည့် တာဝန်ရှိသူများက ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မဲသွားရောက်ထည့်ခြင်းမရှိပါက ထောင်ဒဏ် သုံးနှစ်အထိ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ကို ‌သန်လျင်ဒေသခံများထံမှ သိရသည်။

“ရာအိမ်မှူးက မဲမထည့်ဘူးလားမေးလို့ မဲစာရင်းမစစ်ရသေးဘူးလို့ပြောလိုက်တာ နင်တို့မှတ်ပုံတင်နဲ့ ကုတ်နံပါတ်ကိုလိုက်ပြီး ထောင် သုံးနှစ်ချလို့ရတယ်လို့ ခြိမ်းခြောက်လို့ ကျွန်မတို့ မဲပေးရမှာ”ဟု သန်လျင်မြို့နယ်အတွင်းမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သန်လျင်မြို့နယ်အတွင်းတွင် ရာအိမ်မှူးများက ညတွင်းချင်း မဲစာရင်းစစ်ဆေးမှုမရှိသူများ၊ မဲပေးရန် စိတ်ဝင်စားမှုမရှိသူများကို ထောင်ချမည်ဟု သတင်း စကားဖြန့်ဝေထားပြီး အတင်းအဓမ္မဖိအားပေး မဲထည့်ခိုင်းထားကြောင်း သိရသည်။

ထို့ကြောင့် မဲရုံသို့မသွားရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ လူမမာများမှာ လူတွဲများ၊ ဘီးတပ်ကုလားထိုင်များနှင့် မဲရုံတွင်သွားရောက်တန်းစီနေရကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

ရွေးကောက်ပွဲ နီးကပ်လာချိန်ကတည်းက အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ပျူစောထီးအဖွဲ့များမှနေ၍ ဒေသခံပြည်သူလူထုကို မဲပေးကြရန် နည်းမျိုးစုံနှင့် ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်ကြသည်ဟု ကိုယ်တိုင်ကြုံရသူများထံက သိရသည်။

ပုံစာ -သန်လျင်၊ ဗိုလ်ချုပ်အပိုင် ရွာသစ်ကျေးရွာစာသင်ကျောင်းတွင် မဲပေးနေကြသည့်မြင်ကွင်း