ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်၊

စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပသည့် ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ မဲရုံအများစုမှာ ခြောက်ကပ်နေပြီး လမ်းဆုံလမ်းခွများနှင့် လက်ဖက်ရည် ဆိုင်များတွင် အရပ်ဝတ်လျှို့ဝှက်အဖွဲ့များဖြင့် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ တောင်ဒဂုံအပါအဝင် မြို့နယ်အသီးသီးမှ မဲရုံများကို ဧရာဝတီတိုင်းမ်က ကွင်းဆင်းကြည့်ရှု ရာတွင် မဲလာပေးသူ ပြည်သူများကို မတွေ့ရသလောက် နည်းပါးနေပြီး လုံခြုံရေးယူထားသည့် ရဲနှင့် ပျူစောထီးများသာ ရှိနေသည်ကို တွေ့ရသည်။

“တောင်ဒဂုံက မဲရုံ ၂ ရုံ၊ ၃ ရုံလောက်ကို ပတ်ကြည့်တာ သရဲခြောက်မှာတောင် ကြောက်ရတယ်။ သူတို့ လုံခြုံရေးယူထားတဲ့ ရဲနဲ့ ပျူစောထီးလောက်ကလွဲရင် လူမတွေ့ရသလောက်ပဲ” ဟု မြေပြင်သတင်း ရင်းမြစ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် မြို့တွင်းရှိ မီးပွိုင့်များ၊ ကားမှတ်တိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် စည်ပင်၊ ရဲ၊ မီးသတ်နှင့် ပျူစောထီးများကို အရပ်ဝတ်များဖြင့် အင်အားအပြည့် ချထားကြောင်း သိရသည်။

အဆိုပါ အရပ်ဝတ်အဖွဲ့များသည် ၎င်းတို့၏ အင်္ကျီကော်လံများတွင် နိုင်ငံတော်အလံပုံ တံဆိပ်ငယ်များ တပ်ဆင်ထားကြပြီး ၁ နာရီခွဲလျှင် တစ်ကြိမ် လူလဲလှယ်ကာ စနစ်တကျ စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

“သူတို့လူမှန်း သိသာစေတဲ့ အနေအထားပေါ့ဗျာ။ ခြေဟန်လက်ဟန်နဲ့ စကားပြောလိုက်၊ ထသွားလိုက်၊ နောက်တစ်ယောက် ဂျူတီဝင်လိုက်နဲ့ မြို့ထဲမှာ အပြည့်ပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ပေါ်ရှိ လမ်းမကြီးများမှာလည်း ပုံမှန်ထက် ပိုမိုခြောက်ကပ်နေပြီး အချို့ရပ်ကွက်များတွင် လူငယ်များ မဲရုံသို့ မလာသည့်အတွက် အိမ်တိုင်ရာရောက် လိုက်လံမဲပေးခိုင်းမှုများ ရှိနေကြောင်း သိရသည်။