ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
စစ်ကော်မရှင်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအတွက် ဂိတ်တံခါး စောင့်ရသည့်အပေါ် စိတ်ပျက်နေသည့် စစ်ကော်မရှင်တပ်မှအရာရှိတစ်ဦးက ၎င်းတို့၏ လုပ်ဆောင်ချက် များကို ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် သန်လျင်မြို့နယ်အတွင်းရှိ မဲရုံတစ်ခု၌ လုံခြုံရေးတာဝန်ယူထားရသည့် အဆိုပါစစ်အရာရှိက ၎င်း၏ရာထူးနှင့် မထိုက်တန်သည့် တံခါးစောင့်အလုပ်ကို လုပ်ကိုင်နေရခြင်းအပေါ် ကျေနပ်ခြင်းမရှိ၍ မဲလာပေးသူများရှေ့တွင်ပင် ဆဲဆိုနေခြင်းဖြစ်ကြောင်း သိရသည်။
“ငါ့ရာထူးနဲ့ ငါ့အသက်ကြီးနဲ့ ဒီမဲရုံအပေါက်လာစောင့်နေရတယ်။ တံခါးစောင့်လုပ်နေရတာ သောက်ရေး မပါဘူး။ ဘာသောက်လုပ်တွေမှန်းမသိဘူးဆိုပြီး မအေတွေရော ငါတွေနဲ့ရော ဆဲနေတာအကြိုက်ပဲ” ဟု သန်လျင်မြို့နယ်အတွင်း၌ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် မဖြစ်မနေ မဲလာပေးခဲ့ရသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ဆဲဆိုနေသူမှာ အရပ်ဝတ်ပေါ်တွင် စစ်သုံးပြောက်ကျားကုတ် အင်္ကျီကို ဝတ်ဆင်ထားပြီး စစ်တပ်မှ အရာရှိတစ်ဦးဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မဲရုံတစ်ခုချင်းစီ၌ မဲရုံခွဲ သုံး ခုခန့် ထားရှိထားပြီး မဲရုံအတွင်းပိုင်းတွင် အရပ်ဝတ်ဖြင့် စစ်အရာရှိများနှင့် ပျူစောထီးများက စောင့်ကြပ်နေကာ၊ မဲရုံဂိတ်အဝင်တွင်မူ ရဲ၊ ပြည်သူ့စစ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များကို အင်အားအပြည့်ဖြင့် ချထားကြောင်း သိရသည်။
ပြည်သူများသည် အကြောက်တရားနှင့် ဖိအားပေးမှု များကြောင့်သာ မဲရုံသို့ ရောက်ရှိနေကြခြင်းဖြစ်ပြီး ၎င်းတို့၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များအတွင်း တွင်ပါ စိတ်ပျက်အားလျော့မှုများနှင့် ဖရိုဖရဲဖြစ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။