ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်

 

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက်တွင် ဆယ်အိမ်မှူးများက မဲပေးနိုင်သည့် အချက်အလက်များ ပါသောကတ်ပြားများကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်ပေါက်စေ့လိုက်ဝေနေပြီး ဒေသခံများကို မဲပေးရန် ဖိအားပေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

“ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက ဒီမနက်ပဲ မဲပေးရမယ့်ကတ်ပြားတွေ အိမ်တိုင်းကို လိုက်ဝေသွားတာ။ အဲ့ကတ်မှာ အသက် ၁၈ နှစ်အထက် အိမ်ရှိလူနာမည်၊ မဲစာရင်းနံပါတ် အကုန်ပါတယ်။ မဲပေးဖြစ်အောင် ပေးဖို့လည်း ပြောသွားတယ်”ဟု အမှတ် ၁၀ ရပ်ကွက်မှအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အမှတ် ၁၀ ရပ်ကွက်မှာ ပုသိမ်မြို့တဘက်ကမ်းတွင်တည်ရှိပြီး ဒေသခံအများအပြားမှာ မဲမပေးဘဲနေရန် ပြင်ဆင်ထားသော်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ဖိအားပေးမှုကြောင့် အခက်တွေ့နေကြောင်း သိရသည်။

 

“ကျနော်တို့က မဲမပေးဘူးလို့ စိတ်ကူးထားတာ။ အခု ရွေးကောက်ပွဲရက်ကျမှ အခုလို ကတ်ပြားနဲ့ အိမ်ပေါက်စေ့လိုက်ဝေပြီး စာရင်းမှတ်တာတွေလုပ်သွားတော့ မဲမပေးဘဲနေရင် ဒီကောင်တွေက အညှိုးထား ဒုက္ခပေးမှာ ကြောက်ရတယ်။ အဲတော့ ဒေသခံတွေမှာ ဝေခွဲရခက်နေကြတယ်”ဟု ဒေသခံအမျိုးသားက ပြောသည်။