ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ၊ အမှတ် ၄ ရပ်ကွက်တွင် ရာအိမ်မှူးများက ယနေ့မနက်ပိုင်းတွင် မဲပေးရန်ဖိအားပေးသည့်အတွက် ရပ်ကွက်နေဒေသခံများ မဲရုံသို့သွားရောက်မဲပေးနေရကြောင်း သိရသည်။
“ဒီမနက်ပိုင်းမှာ ရာအိမ်မှူးရောက်လာပြီးတော့ မဲမပေးဘူးလားဆိုပြီး ခြိမ်းခြောက်သလိုလို လာမေးတယ်။ အိမ်ကလူတွေလည်း သူတို့ဒုက္ခပေးမှာကြောက်တာနဲ့ မဲရုံကိုသွားပြီး မဲပေးနေကြတယ်”ဟု အမှတ် ၄ ရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အုပ်ချုပ်ရေးတာဝန်ရှိသူများ၏ဖိအားပေးမှုကြောင့် မဲရုံသို့ရောက်ရှိလာသူများမှာ မဲစာရင်းကြိုတင် ကြည့်မထားသည့်အတွက် နာမည်ရှာမတွေ့ခြင်းများ ဖြစ်ပွားနေပြီး မဲပေးနိုင်ရေးအတွက် နာရီနှင့်ချီ၍ နာမည်ရှာဖွေမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
“ဒီမနက်မှာပဲ အုပ်ကြီးနဲ့ရာအိမ်မှူးတွေ ဖိအားပေးတော့ တော်တော်များများက ကြောက်လန့်ပြီး မဲရုံရောက်လာကြတယ်။ မဲစာရင်းကြိုကြည့်မထားတော့ နာမည်တွေရှာမတွေ့၊ နာမည်မပါတာတွေဖြစ်နေကြတယ်”ဟု ပုသိမ်ဒေသခံ အမျိုးသမီးက ဆိုသည်။
အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၁ အဖြစ် ဧရာ၀တီတိုင်းမှ ပုသိမ်အပါအဝင် လပွတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ မြန်အောင်၊ မအူပင်၊ ကြံခင်းနှင့် ကျုံပျော်မြို့နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-၂၀၂၅ခုနှစ် စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲမဲစာရင်းများကိုကြည့်နေစဉ်