ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲ စတင်ရန် နာရီပိုင်းအလို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၂၀ ၌ ရွေးကောက်ပွဲများ ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း အရှက်တကွဲ ဝန်ခံထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖျက်သိမ်းလိုက်သည့် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် ၉ နယ်၊ အမျိုးသားလွှတ်တော် ၂ နယ်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၉ နယ်တို့ ပါဝင်သည်။ အဆိုပါဒေသများသည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ဒေသများဖြစ်ပြီး စစ်ကော်မရှင်အနေဖြင့် မြေပြင်တွင် နယ်မြေစိုးမိုးမှု လုံးဝမရှိခြင်းကို ယခုလုပ်ရပ်က သက်သေပြနေခြင်းဖြစ်သည်။
ရွေးကောက်ပွဲဖျက်သိမ်းလိုက်သည့် နယ်မြေများမှာ ချင်းပြည်နယ်ရှိ မြို့နယ် သုံး ခုနှင့် ဖလမ်းခရိုင် (အမျိုးသားလွှတ်တော် အမှတ်-၃)၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် နှစ်ခု နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် လေး ခု အပါအဝင် အမ်းခရိုင် (အမျိုးသားလွှတ်တော် အမှတ်-၆) တို့ ဖြစ်သည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်မည့် ရွေးကောက်ပွဲ၌ မူလက သတ်မှတ်ထားသည့် နယ်မြေအများအပြားကို မဲပေးရမည့်နေ့ နံနက်ပိုင်းတွင် ယခုကဲ့သို့ အရေးပေါ်ဖျက်သိမ်းလိုက်ရခြင်းသည် စစ်ကော်မရှင်၏ ရွေးကောက် ပွဲဖြစ်စဉ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေကြောင်းကို သက်သေပြခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
လက်ရှိတွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် နယ်မြေများမှာလည်း လက်နက်ကိုင်များဖြင့် ခြိမ်းခြောက်ကာ မဲရုံလူစည်ရန် ကြိုးပမ်းနေသော်လည်း ပြည်သူများကမူ သပိတ်မှောက်ဆန့်ကျင်လျက်ရှိကြောင်း သိရသည်။