နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
ရခိုင်ပြည်နယ်တွင် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ပြုလုပ်မည့် မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရသော်လည်း လူ နှစ်သိန်းနီးပါး မဲလာပေးရန် ရှိနေကြောင်း အာဏာသိမ်း စစ်ကော်မရှင်က ထုတ်ဖော်ပြောဆိုသည်။
ထိုရွေးကောက်ပွဲကို မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်တွင် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့၌ ပြုလုပ်သွားမည်ဖြစ်၍ မဲရုံပေါင်း ၁၆၄ ရုံ ပြင်ဆင်ထားကြောင်း စစ်ကော်မရှင်ခန့် ရခိုင်ဝန်ကြီးချုပ်က ယမန်နေ့ အစည်းအဝေးတွင် ပြောသည်။
ယင်းမဲရုံများတွင် မဲဆန္ဒရှင် ၁၉၅၈၈၈ ဦး မဲလာပေးမည်ဖြစ်၍ လုံခြုံရေးအတွက် ဝိုင်းဝန်းကူညီပေးရန် ၎င်းက ဆိုသော်လည်း မာန်အောင်မှလွဲ၍ ကျောက်ဖြူနှင့် စစ်တွေမြို့တို့၌ တိုက်ပွဲများ၊ ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါမြို့နယ် သုံးမြို့နယ်အနက် ကျောက်ဖြူနှင့် စစ်တွေတို့ရှိ ရပ်ကွက် ၊ ကျေးရွာအုပ်စု ၇၁ ခုတွင် ရွေးကောက်ပွဲ မလုပ်နိုင်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထား၍ မာန်အောင်၌သာ အများဆုံး ပြုလုပ်နိုင်မည့် အခြေအနေရှိကြောင်း သိရသည်။
အလားတူ စစ်ကော်မရှင်၏ ၂၀၂၄ သန်းခေါင်စာရင်းအရ ကျောက်ဖြူမြို့တွင် လူဦးရေ ၉၂,၂၇၆ ဦးအနက် ၆၅,၁၉၂ ဦးအား ခန့်မှန်းထည့်သွင်းထားသလို လက်ရှိမြေပြင် တိုက်ပွဲများအရ ကောက်ယူနိုင်သော စာရင်းများပင် မှန်ကန်မှုမရှိတော့ပေ။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး ရွေးကောက်ပွဲ ပြုလုပ်မည့် ကျောက်ဖြူမြို့ ချောင်းမြှောင်၊ ကပ်သပြေ၊ စစ်တောလမ်းဆုံ၊ ရမ်းဗြဲလမ်းမကြီး စသည်တို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် ခန့်မှန်းလူဦးရေ ၃၅၀၀၀ နီးပါး ထည့်သွင်းထားသော စစ်တွေမြို့နယ်၌လည်း AA နှင့် စစ်ကော်မရှင်တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်နေကာ ယင်းအခြေအနေများကြောင့် ဒေသခံများ ပြေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။