ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
တတိယအကြိမ်မြောက် မဲစာရင်းများ ထုတ်ပြန်လာချိန်တွင် မဲစာရင်းလာရောက်စစ်ဆေးသူများကို ကြိုတင်မဲ ပေးခိုင်းကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့က နောက်ဆုံးထုတ်ပြန်သည့် မဲစာရင်းများကို လာရောက်ကြည့်ရှုရန် အသိပေးပြီးနောက် မဲစာရင်းသွားရောက်ကြည့်သူများထံမှ ကြိုတင်မဲများကောက်ယူထားလိုက်ကြောင်း ရန်ကုန်ရှိ သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
“၂၆ ရက်နေ့က ရပ်ကွက်ရုံးမှာ မဲစာရင်းသွားကြည့်တာကို စာရင်းပါတဲ့သူအားလုံး ရောက်လက်စနဲ့ မဲထည့်သွားပါလို့ ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောလို့ မဲပေးထားခဲ့ရတယ်”ဟု သန်လျင်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သန်လျင်မြို့နယ် ကျေးရွာအပိုင်များမှ အုပ်ချုပ်ရေး မှူးများက မဲစာရင်းလာရောက်စစ်ဆေးခြင်းမရှိပါက တစ်ဦးလျှင် ကျပ်ငွေသုံးသိန်း ပေးဆောင်ရမည်ဖြစ်ပြီး အခြားအရေးယူဆောင်ရွက်သည့်ကိစ္စများကိုလည်း ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်သတင်းဖြန့်မှုများရှိသဖြင့် ဒေသခံများ ကြောက်ရွံ့ပြီး မဲစာရင်းစစ်နေကြကြောင်း သိရသည်။
စစ်ကော်မရှင် ပြုလုပ်မည့် အတုအယောင်ရွေး ကောက်ပွဲတွင် ပထမသုတ်အဖြစ်သန်လျင်မြို့နယ်ပါဝင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့များက ရွေးကောက်ပွဲအကြောင်းပြကာ ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။
မဲလာရောက်ပေးခြင်းမရှိသူများကို ရွေးကောက်ပွဲပြီးပါက ဒဏ်ကြေးပေးဆောင်ရမည့်အပြင် ရွေးကောက် ပွဲဥပဒေနှင့် အရေးယူထောင်ချမည့်အကြောင်းကို ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ ဈေးလှည့်လည်ရောင်းချသူများနှင့် ရပ်ကွက်ဈေးများအတွင်း သတင်းဖြန့်ခြိမ်းခြောက်ထားသည်။
ဓာတ်ပုံ-၂၀၂၅ခုနှစ် စစ်ကော်မရှင်ကပြုလုပ်မည့် ရွေးကောက်ပွဲမဲစာရင်းများကိုကြည့်နေပုံ