ဧရာဝတီတိုင်းမ်

ဒီဇင်ဘာ ၂၇ ရက်

 

လာမည့်ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူငယ်များ မဲမထည့်ပါက အန္တရာယ် ဖြစ်နိုင်သည်ဟုဆိုကာ စစ်ကော်မရှင်၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ရပ်ကွက်များအတွင်း လိုက်လံခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များက နေအိမ်များသို့ လိုက်လံကာ မဲမပေးပါက ရွေးကောက်ပွဲဥပဒေဖြင့် ငြိစွန်းနိုင်ကြောင်းနှင့် လူငယ်များရှိသည့် အိမ်များအနေဖြင့် မဲပေးရန် ပိုမိုလိုအပ်ကြောင်း ပြောဆိုနေခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

 

“ကျွန်မတို့အိမ်မှာ ၁၈ နှစ်ပြည့်ပြီးသူ သုံး ယောက်ရှိတယ်။ ရာအိမ်မှူးက မဲစာရင်းလာစစ်ရင်းနဲ့ လူငယ် ရှိတဲ့အိမ်တွေ မဲထည့်ဖို့လိုတယ်။ အန္တရာယ်ဖြစ်သွားရင် မကောင်းဘူး။ ကြိုက်ရာခလုတ်နှိပ်လို့ရတယ်၊ အဓိကက မဲထည့်ဖို့ပဲဆိုပြီး ပြောသွားတယ်” ဟု သာကေတမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

 

စစ်ကော်မရှင်သည် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲရယူရာတွင် မဲပေးသူမရှိသလောက် နည်းပါးကာ အရှက်ရစေခဲ့သည့်အတွက် ပြည်တွင်း၌ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲရုံများ၌ လူစည်ကားစေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေခြင်းဖြစ်သည်။

 

သာကေတမြို့နယ်အတွင်းရှိ အချို့ရပ်ကွက်များတွင် ကြိုတင်မဲ မပေးလိုသည့် သက်ကြီးရွယ်အိုများ၏ အချက်အလက်များ ကောက်ယူသည်ဟု အကြောင်းပြကာ မဲလိမ်မဲခိုးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

 

ထို့ပြင် မဲစာရင်းလာမစစ်သူများကို ဒဏ်ငွေရိုက်ခြင်းနှင့် ထောင်ချခြင်းများပြုလုပ်မည်ဟု ဝါဒဖြန့်ကာ ခြိမ်းခြောက်ခြင်းများလုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက် လျက်ရှိသည်။

 

လက်ရှိတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေကို အကြောင်းပြ၍ ပြည်သူ ၂၉၀ ကျော်ကို ဖမ်းဆီးထောင်ချထားသည်။ ထိုသို့ရွေးကောက်ပွဲဥပဒေဖြင့်အရေးယူခံရသူများတွင် မဲဆွယ်ဆိုင်းဘုတ် ရှေ့၌ တံတွေးထွေးမိသူကိုပင် နှောင့်ယှက်မှုဖြင့် တရားစွဲဆိုထားခြင်းမျိုးအထိ ပါဝင်နေကြောင်း သိရသည်။\

ဓာတ်ပုံ-MOI