ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
အာဏာသိမ်းစစ်ကော်မရှင်က ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟု အကြောင်းပြကာ အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ပြည်သူ ၂၉၈ ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ (MPW) ၏ မှတ်တမ်းများအရ သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်တွင် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့ပြီးနောက် ဩဂုတ်လမှ ဒီဇင်ဘာ ၁၆ ရက်အတွင်း ပြည်သူ ၂၂၉ ဦးကို အမှုဖွင့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် မြေပြင်မှတ်တမ်းများအရ ဖမ်းဆီးခံရသူ ၂၉၈ ဦးအထိ ရှိနေပြီး ၎င်းတို့အနက် ၁၀၄ ဦး၏ အမည်စာရင်းကို အတည်ပြုထားနိုင်ပြီဖြစ်သည်။
“သူတို့နဲ့ သဟဇာတမဖြစ်တဲ့သူ၊ သူတို့ ပြဿနာရှာချင်တဲ့သူတွေကို ရွေးကောက်ပွဲဥပဒေကို အကြောင်းပြပြီး ဖမ်းဆီးတာတွေ လုပ်နေတာ။ သေးငယ်တဲ့ အမှုတွေကိုတောင် ကြီးသထက်ကြီးအောင် လုပ်ကြံပြီး တရားစွဲဆိုနေတာ တွေ့ရတယ်” ဟု MPW တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံထားရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ခြောက် ဦးပါဝင်နေပြီး၊ ပြစ်ဒဏ်ချမှတ်ရာတွင်လည်း အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အမြင့်ဆုံး ၄၉ နှစ်အထိ ပြင်းထန်စွာ ချမှတ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဆိုရှယ်မီဒီယာပေါ်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်သူများသာမက ရီအက်ရှင် (Reaction) ပေးသူများကိုပါ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။
“တကယ်လို့ သူတို့ပြောသလို ဒီမိုကရေစီနည်းကျတာဆိုရင် ပြည်သူက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိရမယ်။ မကြိုက်ရင် မကြိုက်ကြောင်း ပြောခွင့်ရှိရမယ်” ဟု MPW တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ဆိုးရွားစွာ ချိုးဖောက်နေသဖြင့် ပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ဖိအားပေးရန်လည်း MPW အဖွဲ့က တိုက်တွန်းထားသည်။