ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ရန်ကုန်တိုင်းအတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များ၌ မဲရုံအဖြစ် အသုံးပြုမည့် နေရာများတွင် စစ်ကော်မရှင်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များ အင်အားအပြည့်ဖြင့် နေရာယူထားကြောင်း သိရသည်။

မဲပုံးများကို စတင်ပို့ဆောင်သည့် ဒီဇင်ဘာ ၂၆ ရက် ညပိုင်းမှစတင်ကာ ကျေးရွာနှင့် ရပ်ကွက်အသီးသီးရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ပျူစောထီးများက လက်နက်အပြည့် အစုံဖြင့် လုံခြုံရေးယူထားခြင်းဖြစ်သည်။

မဲရုံအဖြစ် သတ်မှတ်ထားသည့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ခြံဝင်းအလွတ်များတွင် လုံခြုံရေး အကြောင်းပြ၍ မှုခင်းဖြစ်ပွားရာတွင် အသုံးပြုလေ့ရှိသည့် ကြိုးဝါများ (Caution Tape) ဖြင့် တားထားသည်ကိုလည်း တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

“သန်လျင် အောင်ချမ်းသာရပ်ကွက်ထဲက ဂျမားကျောင်းမှာ မဲရုံလုပ်မှာဆိုတော့ ၂၆ ရက် ညကတည်းက ရဲတွေ၊ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေ ရောက်နေပြီ။ မှုခင်းဖြစ်ရင် တားတဲ့ ကြိုးဝါကြီးတွေပါ ကျောင်းကို ပတ်တားထားတာ” ဟု သန်လျင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် မဲရုံများသာမက မဲစာရင်းကပ်ထားသည့် ရပ်ကွက်ရုံးများကိုပါ လုံခြုံရေး တိုးမြှင့် ထားကြောင်း သိရသည်။ မဲရုံလုံခြုံရေးအတွက် ပြည်သူ့စစ်နှင့် ပျူစောထီးများကိုပါ အသုံးပြုရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က ၎င်းတို့၏ တပ်မိသားစုများ၊ Non-CDM ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်အတွင်း ညွှန်ကြားထားပြီး ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ကြွေးကြော်နေသော်လည်း မြေပြင်တွင်မူ လက်နက်ကိုင် အစောင့်အကြပ်များနှင့် အကျပ်ကိုင်သည့် ပုံစံမျိုး ပြုလုပ်ထားသည်။

ပုံစာ-သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများသို့ သွားရောက်ပေးပို့မည့် စစ်ကော်မရှင်၏ မဲပေးစက်များကိုတွေ့ရစဉ်။