‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၇ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများကို စစ်ကော်မရှင်၏ အမြောက်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ နှစ် ဦး သေဆုံးကာ ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်အခြေစိုက် စစ်ကော်မရှင်၏ အမတ (၃၄၄) အမြောက်တပ်ရင်းက လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ ညနေပိုင်းမှ စတင်ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“ရေကြည်၊ မြောက်စမ်း အမြောက်တပ်ကနေ လေးမျက်နှာနဲ့ ရေကြည်အစပ်က ရွာတွေကို ဆက်တိုက် ပစ်နေတာ။ ပုသိမ်-မုံရွာလမ်းပိုင်းက ရွာတွေကို ပိုတိုက်ခိုက်လာတယ်။ စက်တပ်လေထီးတွေလည်း တစ်ချိန်လုံးဝဲနေသလို ပုသိမ်ကနေ တိုက်လေယာဉ်တွေလည်း ဆက်တိုက်တက်နေတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ စောပြာနှင့် ချင်းကုန်းကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခ တပ်တော် (AA)၊ ဧရာဝတီ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရေကြည်အမြောက်တပ်အနီးရှိ ကာကင်းစခန်းများကိုပါ သိမ်းပိုက်ထား နိုင်ခဲ့သည်။ ထို့ကြောင့် စစ်ကော်မရှင်ဘက်မှ အထိနာကာ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်သည့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့မှစတင်ကာ လေးမျက်နှာမြို့နယ်အတွင်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော လူနေကျေးရွာများကို လေကြောင်းမှ ဗုံးကြဲခြင်း၊ စက်တပ်လေထီးများ အသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် အမြောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်နှင့် သာပေါင်းမြို့နယ်များတွင် ထိတွေ့ တိုက်ပွဲများ အရှိန်မြင့်နေပြီး စစ်ကော်မရှင်ဘက်မှ အကျအဆုံးများပြားနေကြောင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

ပုံစာ-စစ်ကော်မရှင်တပ်၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်း(ပုံဟောင်း)