ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
ဂျက်တိုက်လေယာဉ်တွေ၊ ဒုံးကျည်နဲ့အမြောက် အပြန်အလှန်ပစ်ခတ်မှုတွေ ပါဝင်တဲ့ သီတင်းပတ် ချီကြာ နယ်စပ်ပဋိပက္ခတွေ ရပ်တန့်ဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားက ယနေ့ သဘောတူလိုက်ပါပြီ။
“လက်ရှိ တပ်ဖွဲ့တွေ ဖြန့်ကြက်ထားတာကို ထပ်မံ မရွှေ့ပြောင်းဖို့ နှစ်ဘက်စလုံးက သဘောတူပါ တယ်။ အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီမှာ အသက်ဝင်ပါတယ်” လို့ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေက ပူးတွဲ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
“တပ်ဖွဲ့ဝင်တွေ ဖြည့်တင်းမှုဟာ တင်းမာမှုတွေကို မြင့်တက်စေပြီး ပဋိပက္ခဖြေရှင်းဖို့ ရေရှည် ကြိုး ပမ်းမှုတွေကို သက်ရောက်စေပါတယ်” လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ထိုင်း ကာကွယ်ရေးဝန်ကြီး နတ်သာဖွန်နတ်ဖန်နစ်နဲ့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီး ဆိုင်ဟာတို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကြောင့် နှစ်ဘက်စလုံးမှာ လူ ၁၀၁ ဉီး သေဆုံးခဲ့ပြီး ၅၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ရက် ၂၀ ကြာ တိုက်ပွဲတွေကို အဆုံးသတ်စေခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲရေးကို အာဆီယံမှ စောင့်ကြည့်လေ့လာရေးအဖွဲ့အပြင် နှစ်နိုင်ငံကြား တိုက် ရိုက် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က စောင့်ကြည့်မယ်လို့ နတ်သာဖွန်က ပြောပါတယ်။
ပဋိပက္ခဘေးသင့် နယ်စပ်ဧရိယာများမှ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဖို့နဲ့ မည်သည့်နိုင်ငံကမှ အရပ်သားတွေကို အင်အားမသုံးဖို့ ဝန်ကြီးတွေက သဘောတူခဲ့တယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါ တယ်။
အပစ်အခတ်ရပ်စဲရေးကို ၇၂ နာရီကြာ ထိန်းသိမ်းပါက ဇူလိုင်နောက်ပိုင်း ထိန်းသိမ်းထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ဉီးကို ထိုင်းနိုင်ငံက လွှဲပြောင်းပေးရမယ်လို့ သဘောတူညီချက်က ဆိုပါတယ်။
“စစ်ပွဲနဲ့ တိုက်ပွဲတွေက နှစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံပြည်သူတွေကို မပျော်ရွှင်စေပါဘူး” လို့ ထိုင်း လေတပ်ဖွဲ့ အကြီးအကဲ ပရာပတ်စ်ဆန်ဂျိုင်ဒီးက သတင်းထောက်တွေကို ပြောပါတယ်။
“ထိုင်းနဲ့ ကမ္ဘောဒီးယားပြည်သူတွေဟာ ပဋိပက္ခ အပြန်အလှန်ဖြစ်နေတာ မဟုတ်ဖူးဆိုတာ ကျွန် တော် အလေးထားပြောချင်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Thailand and Cambodia sign truce to halt fierce border conflict