နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

 

မြန်မာပြည်သူများနှင့် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများစုက လက်မခံသည့် အာဏာသိမ်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲများကို ၎င်းတို့နှင့် အနီးကပ်ထိတွေ့ဆက်ဆံနေသည့် နိုင်ငံ ခုနစ် နိုင်ငံမှ ကိုယ်စားလှယ်များ လာရောက်စောင့်ကြည့်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကော်မရှင်က အပိုင်းလိုက်ခွဲ၍ ကျင်းပမည့် အဆိုပါရွေးကောက်ပွဲများကို လေ့လာစောင့်ကြည့်ရန် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ ရောက်ရှိနေခြင်းဖြစ်သည်။

အဆိုပါနိုင်ငံများသည် စစ်ကော်မရှင်၏ အာဏာသိမ်းမှုကို ဗြောင်ကျကျဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထောက်ခံကူညီနေကြပြီး စစ်လက်နက်ပစ္စည်းများ ရောင်းချနေသည့် နိုင်ငံများလည်း ဖြစ်ကြသည်။

 

စောင့်ကြည့်မည့်နိုင်ငံစာရင်းတွင် တရုတ်၊ အိန္ဒိယမှလွဲ၍ ဘယ်လာရုစ်နှင့် ကာဇက်စတန်နိုင်ငံတို့သည် ရုရှားဦးဆောင်သော ဆိုဗီယက်အဖွဲ့ဝင် လက်အောက်ခံ နိုင်ငံများဖြစ်ကာ အာဆီယံနိုင်ငံအနေဖြင့်လည်း ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့သာ ပါဝင်နေသည်ကို တွေ့ရသည်။

 

ကနဦးသတင်းများအရ အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့် လေ့လာစောင့်ကြည့်သူ စေလွှတ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း စစ်ကော်မရှင်၏ ယနေ့ထုတ်ပြန်ချက်တွင်မူ ထိုင်းနိုင်ငံ ပါဝင် လာခြင်းမရှိသေးပေ။

စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင် ပြုလုပ်ရန် ပြင်ဆင်နေပြီး ထိုအတွက် ပြည်သူများကို နည်းမျိုးစုံဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ဖိအား ပေးခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

သို့သော် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် နိုင်ငံတကာအသိုက်အဝန်းကမူ ဤရွေးကောက်ပွဲ သည် တရားမျှတမှုမရှိသည့် အတုအယောင်သာဖြစ်သည်ဟု ကန့်ကွက်ထားပြီး မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကလည်း အပြင်းအထန် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

ဓာတ်ပုံ-MOI