‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၇ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ထိုးစစ် ကြောင့် စစ်ကော်မရှင်၏ ခလရ -၄၇ တပ်ရင်းစခန်း ကျဆုံးခဲ့ပြီး ဗျူဟာမှူး အပါအဝင် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးများပါ သေဆုံးခဲ့ကြောင်း သိရသည်။

KIA က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့တွင် အင်အားဖြည့်တင်း၍ ဗန်းမော်မြို့သို့ ထိုးစစ်အရှိန်မြှင့် လိုက်ပြီးနောက် ခြေလျင်တပ်ရင်း ခလရ-၄၇ စခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ခလရ -၄၇ မှ ဗျူဟာမှူး သေဆုံးခဲ့သလို၊ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ-၆၄၁ မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့လည်း သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်များက အတည်ပြု ပြောကြားသည်။

“စနခ-၆၄၁ က တပ်စုဆိုတော့ အတော်အထိနာသွားတယ်လို့ သိရတယ်။ ခလရ-၄၇ ကလည်း တံတားမှာ ခုခံရင်းနဲ့ နောက်ဆုံး တံတားကိုပါ ဖောက်ခွဲဖျက်ဆီးပြီး တပ်ဆုတ်ပြေးကြတာ” ဟု ဒေသတွင်း ကချင်သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ခလရ -၄၇ တပ်ရင်းစခန်း ကျဆုံးပြီးနောက် စခန်းစိုးမိုးထားရာ ကုန်းမဟတ် ကျရီချောင်းတံတားကို ဖောက်ခွဲဖျက်ဆီးကာ တပ်ဆုတ်ထွက်ပြေးသွားကြခြင်းဖြစ်သည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ယမန်နှစ် ဒီဇင်ဘာ ၄ ရက် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ KIA က စစ်ရေးအသာစီးရထားစဉ် စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စစ်သင်္ဘောအုပ်စုဖြင့် စစ်ကူနှင့် ခဲယမ်းဖြည့်တင်းမှုကြောင့် အနည်းငယ် ပြန်လည်ခုခံနိုင်လာကာ ထိုးစစ်ဆင်လာနိုင်သည့် အခြေအနေ ရှိခဲ့သည်။

သို့သော် ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် KIA ၏ အရှိန်အဟုန်ပြင်းသော ထိုးစစ်ကြောင့် စစ်ကော်မရှင် ဘက်မှ အဆင့်မြင့်အရာရှိကြီးများ သေဆုံးကာ အထိနာနေခြင်းဖြစ်သည်။

ထို့ပြင် KIA သည် မြစ်ကြီးနား၊ နမ့်ပေါင်လေတပ်စခန်းဌာနချုပ်ကိုလည်း ယမန်နေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ထပ်မံပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ပုံစာ-လွှတ်တင်ထားသည့် ဒရုန်းကို ထိန်းချုပ်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)