
ကံကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်သားများ အလစ်တိုက်ခိုက်ခံရပြီး ဒဏ်ရာရစစ်သားတွေ သွေးများပြန့်ကျဲကာ ပုဆိုး၊ သဘက်များဖြင့်စီးကာ ထမ်းပိုးသွားရ
ကိုကိုလေး/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအနီးတွင် စစ်ကြောင်း သုံးကြောင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်သား ၁၃၅ ယောက်ကို အင်အားပြင်းမိုင်းများဖြင့် တိုက်ခိုက်ခံရလို့ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့ ကျားသစ်နက်တပ်ဖွဲ့ထံကသိရသည်။
အဆိုပါ အင်အားပြင်းမိုင်းများမှာ စစ်ကောင်စီပိုင် Mytel တာဝါတိုင် ပိုက်များဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး စက်တင်ဘာလ နံနက်အစောပိုင်း ၇ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တဖြစ်တယ် လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကပြောသည်။
“မနက်ခင်းအစောပိုင်းမှ တိုက်ခိုက်ခဲ့တာပါ မိုင်းကလဲ ပိုင်ပိုင်နိုင်နိုင် နှစ်ဆင့်ကွဲမိုင်းဆွဲမိတာဆိုတော့ ဒီကောင်တွေ အတော်လေးအထိနာသွားတယ်။ ဒဏ်ရာရတဲ့ ကောင်တွေကို ပုဆိုး၊ သဘက်တွေ နဲ့စည်းပြီး ထမ်းပိုးသွားကြတယ်လို့ မျက်မြင်တွေက ကျွန်တော်တို့ကိုပြောပြတယ်။ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးတွေလုပ်တော့ လမ်းတွေမှာ
သွေးအိုင်တွေပြန့်ကျဲနေတာ တွေ့ရှိရတယ်” လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်များကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁၊ပုလဲတပ်ရင်း ၅ တို့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ဒါ့ပြင် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သားများနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား နေ့စဥ်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေဘက်က ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူတွေတွေဟာ စစ်ကောင်စီတပ်နဲ့ ဝေးရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့ ဒေသခံတွေပြောပြချက်အရသိရသည်။
#Ayeyarwaddy_Times