မအူပင်မြို့တွင် ဆိုင်ကယ်ပျောက်ဆုံးမှု ရဲတိုင်လျှင် ၁ မှု ၂ သိန်းပေးနေရ

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(မအူပင်)၊ စက်တင်ဘာလ ၇ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့သွားတိုင်တဲ့အခါ အမှု ၁ မှုကို ငွေ ၂ သိန်းတောင်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

မအူပင်မြို့မှာ စက်တင်ဘာလ ပထမပတ်ထဲမှာတင် ဆိုင်ကယ် အစီးရေ အနည်းဆုံး ၁၅ စီးခန့်ပျောက်ဆုံး ခဲ့ပေမယ့် တရားခံဖမ်းမိလို့ ရဲလက်အပ်ပေးရင်တောင် ငွေ ၂ သိန်းတောင်းတာမျိုးပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ခုက ဆိုင်ကယ်ခိုးတဲ့သူတွေက အရမ်းရဲတင်းလာတယ် ၁ ရက်နေ့ကလည်း လူတွေအများကြီးကြားထဲ ဝင်ခိုးလို့ ဖမ်းမိတော့ ရဲလက်ကိုသွားအပ်တာ အဲ့တာတောင် ငွေ ၂ သိန်းတောင်းတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဆိုင်ကယ်ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်နေပေမယ့် ရဲစခန်းသွားတိုင်းတဲ့အခါ ငွေ ၂ သိန်းတောင်းမှာဆိုးတာ ကြောင့် တချို့လည်း အမှုမဖွင့်ရဲတော့ဘူးလို့ ဆိုပါတယ်။

ခိုးမှုကျူးလွန်တဲ့သူကို တရားဥပဒေအတိုင်းအရေးယူရမယ့် ရဲတပ်ဖွဲ့က အမှုဖွင့်တဲ့သူကို ငွေပြန်တောင်းနေ တဲ့အပေါ် တရားဥပဒေစိုးမိုးမှုမရှိတော့သလို ခံစားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်ခွဲကျော်ကာလက စတင်ကာ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။

#Ayeyarwaddy_Times