
တရုတ်နိုင်ငံက ဖော်ဆောင်နေတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းက အဓိက လူမှောင်ခိုကူးရာနေရာ ဖြစ်လာ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
မြန်မာနိုင်ငံမှာ လူမှောင်ခိုကူးခံရတဲ့ဖြစ်ရပ်တွေ မြင့်တက်လာတာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို အချက်ပေးနေပြီး ကရင်ပြည်နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်က အဓိက လူမှောင်ခိုကူးရာနေရာ ဖြစ်လာတယ် လို့ သတင်းတွေက ဖော်ပြပါတယ်။
တရုတ်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းတွေ အများအပြားရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်က သောင်ရင်းမြစ်ပေါ် ထိုင်းနိုင်ငံနဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပြီး မြန်မာစစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ထိန်း ချုပ်ထားပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်မှာ လူမှောင်ခိုကူးခံရသူအများစုက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ တွေကဖြစ်တယ်လို့ The Diplomat မဂ္ဂဇင်းက ဖော်ပြပါတယ်။
လူမှောင်ခိုကူးခံရသူတွေကို အကျဉ်းချပြီး ရာဇဝတ်ဂိုဏ်းတွေအတွက် အွန်လိုင်းကနေ လိမ်လည်သူတွေ အဖြစ် အဓမ္မ ခိုင်းစေခံရပါတယ်။ လူမှောင်ခိုကူးခံရသူအများအပြားက မန်ဒရင်း သို့မဟုတ် ကန်တုံစကားပြော တရုတ်လူမျိုးတွေဖြစ်ပြီး လူလိမ်ဂိုဏ်းတွေအတွက် နေ့မနားညမအား လုပ်ကိုင်ပေးရပါတယ်။
ကာစီနိုနဲ့ နိုက်ကလပ်တွေရှိတာကြောင့် ရွှေကုက္ကိုလ်မြို့သစ်ဟာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေ၊ လုပ်သားတွေနဲ့ ဧည့်သည်တွေကို ဆွဲဆောင်တဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ ရွှေကုက္ကိုလ်မြို့သစ်က တရုတ်နိုင်ငံရဲ့ “ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း” ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံက အဲဒီစီမံကိန်းမှာ ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ ရွှေကုက္ကိုလ်စီမံကိန်းမှာ တတိယတိုင်းပြည်က ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း” နဲ့ ပတ်သက်ခြင်းမရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ဖေ့စ် ဘုတ်မှာ ကြေညာချက်တစ်ရပ်
ထုတ်ပြန်ခဲ့ပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်ဟာ တရုတ်နိုင်ငံရဲ့ “ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း” ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ် ခုဖြစ်တယ်လို့ The Diplomat မဂ္ဂဇင်းက တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာတစ်ခု ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးမှာ တရုတ်နိုင်ငံပိုင် China Metallurgical Group Corporation က ပါဝင်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလင့်ကစား “ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း” မှာ ရင်းနှီးမြှုပ်နှံမှု ဆက်လုပ်မယ့်အကြောင်း တရုတ်က အဖွဲ့ဝင်နိုင်ငံတွေကို ပြောကြားခဲ့တယ်လို့ ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ပေကျင်းမြို့တော် မှာပြုလုပ်တဲ့ အာရှ-ပစိဖိတ် အဆင့်မြင့်ညီလာခံမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ပြော ကြားခဲ့ပါတယ်။
တရားမဝင် အွန်လိုင်းကာစီနို လောင်းကစားတွေလုပ်ကိုင်မှုကြောင့် နိုင်ငံတကာရဲ့ ဖမ်းဆီးဝရမ်းထုတ် တာ ခံနေရတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းပိုင်ရှင်နဲ့ Yatai International Holding Group ရဲ့သူဌေး ရှီကျိကျန်း အား ထိုင်းအာဏာပိုင်တွေက သြဂုတ်လအတွင်း ဖမ်းဆီးခဲ့ပါတယ်။
ရှီကျိကျန်းဟာ ကမ္ဘောဒီးယားနိုင်ငံက လောင်းကစားလုပ်ငန်းတွေနဲ့ ဖိလစ်ပိုင်နိုင်ငံက ထီလုပ်ငန်းတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရှီကျိကျန်းဟာ ၂၀၁၂ ခုနှစ်ကတည်း က တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့ပြီး သူ့ကို တရုတ်နိုင်ငံသို့နှင်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ကိုးကား – ANI
Ref; China-backed controversial mega project in Myanmar rapidly becoming human trafficking hub