
ပေါင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီး ၃ ဦးပစ်ခတ်ခံရပြီး ပျူစောထီးခေါင်းဆောင်သေဆုံး
နိုင်း၊ ဧရာဝတီတိုင်းမ်
(ပေါင်)၊ စက်တာဘာ ၇ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာ ရွာသစ်ပိုင်းတွင် စက်တင်ဘာ ၆ ရက် ယမန်နေ့ ည ၈ နာရီဝန်းကျင်က ကင်းပုန်းဝပ်နေသည့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
ပစ်ခတ်ခံရသူများမှာ ပျူစောထီးခေါင်းဆောင် ဦးတက်နိုင်(ခ)အာစိန်၊ ရာအိမ်မှူး ဦးစိုးသန်းနှင့် ပျူစောထီးအဖွဲ့ဝင် သန်းစိုး တို့ဖြစ်ပြီး ကင်းပုန်းဝပ်နေစဥ် အမည်မသိသေနတ်သမားများမှ ပစ်ခတ်ခဲ့သဖြင့် ပျူစောထီးခေါင်းဆောင် အာစိန်မှာ သေဆုံးခဲ့ကြောင်းသိရသည်။
“ဦးအာစိန်ကပွဲချင်းပီးသေသွားတာ၊ သေနတ်သံ တော် တော်များများတော့ကြားလိုက်ရတယ်၊ရာအိမ်မှူး စိုးသန်းက စစ်သားဟောင်း၊ စကစလက်ထက်မှာအာဏာသုံးနေတာ၊ဒဏ်ရာရတဲ့ ၂ ယောက်က စိုးရိမ်ရတယ်ကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ဒဏ်ရာရသူ ပျူစောထီး ၂ ဦးအား မော်လမြိုင်ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး တစ်ဦးမှာ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာရရှိထားပြီး ကျန်တစ်ဦးမှာ ညာဘက်လက်ဖျံကျည်ထိထားကြောင်း သိရသည်။
အဆိုပါပစ်ခတ်ခံရမှုနှင့်ပတ်သတ်ပြီး စစ်ကောင်စီတပ်က အနီးဝန်းကျင် လူငယ်တစ်ဦးကိုလည်းဖမ်းဆီးထားကြောင်းကနဦးသိရသည်။
စက်တင်ဘာလ ၃ ရက်နေ့၌လည်း ပေါင်မြို့နယ်မြို့မရဲစခန်းအား ၄၀ မမ ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း သိရသည်။
#AyeyarwaddyTimes