
ရွှေပြည်သာ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးပြတ်နေချိန်ဝင်ပစ်ခံရလို့ ရာအိမ်မှူးသေဆုံး၊ နာရီဝက်ခြားပြီး ဗုံးတလုံးကွဲ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်၊ မဟာမြိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး စက်တင်ဘာလ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့ည မီးပြတ်နေတဲ့အချိန်မှာ ဆိုင်ကယ်စီးသေနတ်သမားတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဝင်ရောက်ပစ်ခတ်ခဲ့လို့ ရုံးအတွင်းမှာရှိတဲ့ ရာအိမ်မှူးဦးအောင်ထူး သေနတ်ကျည်ထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။
” ညက ဝင်ပစ်ခံရတဲ့အချိန်က မီးပြတ်နေတာ။ ရုံးအရှေ့ကနေအတွင်းထဲကို ပစ်သွားတာ၊အုပ်ကြီး နေလင်းအောင် တော့ဖြစ်တဲ့ထဲမပါဘူးထင်တယ်။ ရာအိမ်မှူးတော့ သေနတ် ၃ ချက်မှန်ပြီးသေတယ်” လို့ မြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် အချိန် မိနစ် ၃၀ လောက်ခြားပြီး အဲ့ဒီအုပ်ချုပ်ရေးရုံးအနီးမှာ ဗုံးတလုံးပေါက်ကွဲခဲ့သေးတယ်လို့ ဆိုပါတယ်။
” အုပ်ကြီးရုံးရှိတာက ရုံးရှေ့မှတ်တိုင်ပေါ့။ နာရီဝက်လောက်ခြားပြီး ဗုံးကွဲတယ်။ စကစ လာစစ်မယ့်အချိန်ကိုမှန်းပြီးထောင်ခဲ့တာထင်တယ်။ သူ့ဘေးက ဏကြီးကွေ့မှတ်တိုင်မှာကွဲတာ။ မှတ်တိုင် ၂ ခုကခွဲထားတယ်ဆိုပေမယ့် နီးနီးလေးဘဲကပ်နေတာ။ ဗုံးကွဲတာထိခိုက်မှုတော့မသိဘူး” လို့ သူကဆက်လက်ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီးမှ အဲ့ဒီဗုံးကပေါက်ကွဲခဲ့တာလို့သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Urban Guerrilla Army (YUGA-Mo 7 Eagles) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Maps
#AyeyarwaddyTimes