မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ ၅၂ ရာခိုင်နှုန်းကျော်ကို NUG နဲ့ EAOs တွေက ထိန်းချုပ်နိုင်ပြီလို့ ဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာနိုင်ငံရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်တာ ကြောင့် နိုင်ငံတကာအသိုင်းအဝန်းက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသင့်တယ်လို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ Special Advisory Council for Myanmar (SAC-M) က စက်တင်ဘာ ၅ ရက်က ထုတ် ပြန်တဲ့ အစီရင်ခံစာတစ်ခုအတွင်း

ပြောပါတယ်။

“ထိရောက်တဲ့ နယ်မြေစိုးပိုင်မှု” လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာက မြန်မာနိုင်ငံမှာ စစ်ကောင်စီ၊ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုနဲ့ အုပ်ချုပ်ရေးယန္တယားဖော်ဆောင်မှုကို အ သေးစိတ် ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံသစ်ရဲ့ပုံသဏ္ဍန် ပေါ်လွင်နေပြီဆိုတာ ကမ္ဘာကြီးက သိရှိဖို့လိုတယ်၊ NUG ဟာ စဉ်ပြိုင်အစိုးရ မဟုတ် သလို အဝေးရောက် အစိုးရတစ်ရပ်လည်း မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရတစ်ရပ် ဖြစ်ပါတယ်” လို့ SAC-M ကို ဦးဆောင်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး

အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီက ပြောပါတယ်။

NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်မြေ ၅၂ ရာခိုင်နှုန်းကျော် ကို ထိန်းချုပ်ထားနိုင်ပြီး အာဏာသိမ်းစစ်ကောင်စီကတော့ ၁၇ ရာခိုင်နှုန်းလောက်ကို ထိန်းထားနိုင်ကာ ၂၃ ရာခိုင် နှုန်းကိုတော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား နယ်မြေထိန်းချုပ်နိုင်ဖို့ အားပြိုင်နေတယ်လို့ SAC-M က ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ မှာ ၉၃ မြို့နယ်ကိုသာ အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ် ထားနိုင်ပြီး အဲဒီထဲက၂၁ မြို့နယ်ကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့အင်အားနဲ့ ထိန်းချုပ်ထား ရတာလို့ SAC-M က ပြောပါတယ်။

“မြန်မာ့တော်လှန်ရေးဟာ သေချာပေါက် အောင်မြင်မှာ ဖြစ်ပါတယ်။ NUG ကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုသင့်ပါတယ်” လို့ SAC-M အဖွဲ့ဝင် ခရစ်စီဒိုတီက ပြောပါတယ်။

ကိုးကား – Special Advisory Council for Myanmar (SAC-M)