ငါးသိုင်းချောင်းမြို့က အငြိမ်းစားဆရာမအား သတ်ဖြတ်ခဲ့သူကို ပြည်သူများ၏ စောင့်ကြည့်ဖမ်းဆီးမှုကြောင့် တစ်ရက်အတွင်း ဖမ်းမိ

ညိမ်းသော် / ဧရာဝတီတိုင်းမ်

(ငါးသိုင်းချောင်း)၊ စက်တင်ဘာလ ၇ ရက်

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့၊မြို့မရပ်ကွတ်တွင် နေထိုင်သော အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်မေအုန်းအား ယမန်နေ့ မနက်ပိုင်းတွင် သတ်ဖြတ်သွားသော လူသတ်တရားခံကို ယမန်နေ့နေ့လည်ပိုင်း၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

လူသတ်မှုကျူးလွန်သူမှာ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်မေအုန်း၏ ဘော်ဒါဆောင်အနီး နေထိုင်သူတစ်ဦးဖြစ်ပြီး ၎င်းအား မြို့မရပ်ကွက်နေပြည်သူများက မသင်္ကာသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။



တရားခံက အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်မေအုန်းအား ချွန်ထက်သောအရာဖြင့် ၃ ချက်ထိုး၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီးဘော်ဒါဆောင်ရှိ ခွေးကိုပါ သတ်ဖြတ်ခဲ့သော်လည်း သေဆုံးခဲ့ခြင်းမရှိကြောင်း သိရသည်။

“ဆရာမကို ဓားနဲ့ ၃ ချတ်ထိုးခဲ့တယ်ပြောတယ်။ တရားခံကခွေးပါသတ်တာ။ ခွေးကမသေဘူး။ မသေတော့ခွေးလည်းဟောင်တယ်။ ဘာကြောင့်သတ်တာလဲတော့မသိဘူး။ ပစ္စည်းတွေတော့မပါဘူး ခုတော့ရဲစခန်းမှာစစ်နေတယ်။ ဘာလို့သတ်တာလဲဆိုတာမကြာခင်သိတော့မှာပါ” ဟု ငါးသိုင်းချောင်းမြို့ ဒေသခံတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရားခံအား ဖမ်းဆီးရမိခဲ့သော်လည်း လူသတ်မှုကျူးလွန်ရသည့်အကြောင်းအရင်းအား နယ်မြေခံရဲစခန်း၌ စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။


#ငါးသိုင်းချောင်း #အငြိမ်းစားဆရာမ #သတ်ဖြတ် #တရားခံ #ဖမ်းဆီးရမိ

#Ayeyarwaddy_Times