
ကျောက်ထုနယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ်မှပစ္စည်းများကို လုယက်ယူဆောင်နေ
ကေသီ/ဧရာဝတီတိုင်းမ်
(ကျောက်ထု)၊စက်တင်ဘာလ ၇ ရက်
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုနယ်အတွင်း မှာ စက်တင်ဘာလ ၆ ရက် မနေ့မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်က ဒေသခံတွေရဲ့နေအိမ်တွေက ပစ္စည်းတွေကိုလုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ရွှေအောင်သာရွာက ထွက်လာတဲ့စစ်ကြောင်းက လယ်ဆော့ရွာကိုဝင်ရောက်စီးနင်းပြီး ပစ္စည်းတွေကိုလုယူခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
“ရွာထဲကမပြေးနိုင်ပဲကျန်ခဲ့တဲ့သက်ကြီးရွယ်အိုနဲ့ရွာ သားတွေကို သေနတ်နဲ့ထောက်ပြီးခြိမ်းခြောက် ပြီးတော့ ရွှေ၊ငွေ ပစ္စည်းတွေအကုန်လုံးထုတ်ပေးခိုင်းပြီးအကုန်ယူသွားတာ” လို့ ကျောက်ထုဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ကျေးရွာထဲက ရွာသူရွာသားများ၏နေအိမ်အတွင်းမှာရှိတဲ့ပစ္စည်းတွေကို ဝင်ရောက်မွှေနောက်ခဲ့ပြီးကြက်၊ ဝက် တွေကိုလည်း သတ်ဖြတ်ပြီး ဘုန်းကြီး ကျောင်းဝန်းထဲမှာ ချက်ပြုတ်စားသောက်သွားတယ်လို့ဆိုပါတယ်။
” ကျန်နေတဲ့ ရွာထဲကလူတွေကို ရွာအပြင်မထွက်ခိုင်းဘူး၊ အပြင်မှာရှိနေတဲ့လူတွေကိုလည်းရွာထဲ ပေးမဝင်ဘူး၊ သူတို့လုပ်ချင်သလိုတွေလုပ်ပြီး ကြက်တွေဝက်တွေဖမ်းပြီးစားသောက်နေကြတာ ” လို့ သူက ဆက်လက်ပြောပါတယ်။
လက်ရှိ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ မိအယ်ရွာကိုရောက်ရှိနေပြီး စစ်ကြောင်းထိုးနေလို့ တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကသတိ ပေးထားတယ်လို့ သိရပါတယ်။
#AyeyarwaddyTimes