နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

ဧရာဝတီတိုင်းတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း(၁) ပြုလုပ်ရန်အတွက် ၎င်းတို့ထိန်းချုပ်ထားသော မြို့နယ် ရှစ်မြို့နယ်ကို ထည့်သွင်း၍ နည်းမျိုးစုံဖြင့် မဲဆွယ်စည်းရုံးနေသော်လည်း ပြည်သူများ စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုမြို့နယ်များမှာ ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ မြန်အောင်၊ ကြံခင်း၊ လပွတ္တာနှင့် ဟင်္သာတတို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ စစ်ကော်မရှင်က လူဦးရေအပြည့်အဝ ကောက်ယူနိုင်သည်ဆိုသော ခရိုင်မြို့နယ်များလည်းဖြစ်ကြောင်း သိရသည်။

“မဲပေးတဲ့နေ့မှာ ဘယ်လိုမျိုးတွေ ခြိမ်းခြောက်မလဲဆိုတာ စောင့်ကြည့်ရမယ်။ လတ်တလော အခြေအနေမှာက ပြည်သူလူထုက ရွေးကောက်ပွဲကို မဲပေးဖို့ စိတ်မဝင်စားကြဘူး။ အဲဒါကို အုပ်ချုပ်ရေးကတဆင့် ဖိအားပေးတာမျိုးတွေတော့ ရှိတယ်” ဟု ဟင်္သာတခရိုင်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ပြောသည်။

စစ်ကော်မရှင်က အာဏာသိမ်းပြီးနောက် Non-CDM ပြုလုပ်သွားသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်နေရာများကို ၎င်းတို့လက်ဝေခံ ကြံ့ခိုင်ရေးပါတီဝင်အပြင် ဆက်နွယ်သူများဖြင့် ပြန်လည်အစားထိုး ခန့်အပ်ထားကြောင်း သိရသည်။

ထိုသူများသည် စစ်ကော်မရှင်က ပြုလုပ်သွားမည့် ရွေးကောက်ပွဲအတွက် ပြည်သူများကို မဲစာရင်းပါမပါ စစ်ခိုင်းခြင်း၊ မဲပေးရန် ဖိအားပေးခြင်းနှင့် မဲမပေးလျှင် အရေးယူ ဒဏ်ရိုက်မည်ဆိုသော ခြိမ်းခြောက်မှုများ ထုတ်လွှင့်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ပြုလုပ်မည်ဆိုသော စစ်ကော်မရှင်က လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)အတွက် နိုင်ငံတဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်၌ ပြင်ဆင်နေပြီး ဧရာဝတီတိုင်းမှ မြို့နယ် ရှစ်မြို့နယ်လည်း ပါဝင်လာခြင်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် မြို့နယ်စုစုပေါင်း ၂၆ မြို့နယ်ရှိပြီး စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများကို ချန်လပ်၍ ရွေးကောက်ပွဲ အပိုင်း (၁) အတွက် မြို့နယ် ၈ မြို့နယ် ထည့်သွင်းကာ နည်းမျိုးစုံဖြင့် မဲဆွယ်စည်းရုံးနေကြောင်း သိရသည်။

သို့သော် ပြည်သူများမှာ ယင်းရွေးကောက်ပွဲများကို အတုအယာင် ဟန်ပြအဖြစ် သတ်မှတ်ထားပြီး စိတ်ဝင်စားမှုမရှိ ဆန့်ကျင်နေကြသလို ကြံ့ခိုင်ရေးပါတီအပါအဝင် ဝင်ပြိုင်ကြမည့် ပါတီများမှ ကိုယ်စားလှယ်လောင်းများကိုပင် မသိကြကြောင်း သိရသည်။

ယင်းအပြင် စစ်ကော်မရှင်က ၎င်းတို့ အသက်သွင်းထားသော စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှု၊ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်ရာတွင်လည်း ဧရာဝတီတိုင်းသည် အများဆုံးဒေသ ဖြစ်နေကြောင်း အစီရင်ခံစာများအရ သိရသည်။

ထို့အတူ နိုင်ငံရေး၊ စီးပွားရေးအရ ရွှေ့ပြောင်းတိမ်းရှောင်သူ များပြားနေပြီး အာဏာသိမ်းမှုကို လက်မခံသဖြင့် ဒေသတွင်းနှင့် တခြားဒေသများ၌ ခုခံတော်လှန်နေသောကြောင့် စစ်ကော်မရှင်၏ လူဦးရေစာရင်းနှင့် ကွဲလွဲမှုများလည်း ရှိသည်။

စစ်ကော်မရှင်ကမူ ၎င်းတို့ထိန်းချုပ် စိုးမိုးနိုင်သည်ဆိုသော ဧရာဝတီတိုင်းတွင် လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှတဆင့် ထိတ်တန်းခေါင်းဆောင်တချို့ ပါဝင်ရွေးချယ်ရန် ပြုလုပ်ထားပြီး ‌ရလဒ်တစ်ခု ပြနိုင်ရန်နှင့် အနိုင်ရရှိရန် လုပ်ဆောင်နေကြောင်း သိရသည်။