‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၅ရက်

ရခိုင်သမိုင်းတွင် ရန်သူများအား ယတြာအစီအမံဖြင့် တိုက်ခိုက်နှိမ်နင်းနိုင်စွမ်းရှိသည်ဟု ကျော်ကြားခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော်ကြာ ပျောက်ဆုံးနေသည့် မြောက်ဦးခေတ် “ယတြာခေါင်းလောင်း” (ခေါ်) ပြည်စောင့် ခေါင်းလောင်းကြီးကို မဟာမုနိဘုရားကုန်းတော်၌ ပြန်လည်တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

 

အင်း၊ အိုင်၊ ခါးလှည့် ယတြာအစီအရင်များ ရေးထိုးထားသည့် အဆိုပါ ရှေးဟောင်းခေါင်းလောင်းကြီးကို ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ(ULA/AA)က တူးဖော်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယတြာခေါင်းလောင်းကြီးကို အသက် ၈၄ နှစ်အရွယ် မဟာမုနိဘုရား ဂေါပကဟောင်း ဦးထွန်းအောင်တို့ ဘိုးဘေး အစဉ်အဆက်က လျှို့ဝှက်စောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။ ခေတ် အဆက်ဆက် အာဏာပိုင်များက ခေါင်းလောင်းတည်ရှိရာကို သိရှိနိုင်ရန် ခြိမ်းခြောက်ခြင်း၊ လာဘ်ပေးစည်းရုံးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဦးထွန်းအောင်သည် မိသားစုဝင်များကိုပင် ဖွင့်ဟ ပြောကြားခြင်းမရှိဘဲ ခိုင်မာစွာ စောင့်ရှောက်ခဲ့သည်။

မဟာမုနိဘုန်းကြီးကျောင်းတိုးချဲ့ ဆောက်လုပ်ရာတွင် လူတစ်စုက ခေါင်းလောင်းတည်နေရာကို သိရှိ သွားခြင်း၊ စောင့်ရှောက်သူဦးထွန်းအောင်မှာ အသက်ကြီးလာခြင်းနှင့် အာရက္ခအစိုးရ(AA)ကို ယုံကြည် ခြင်း တို့ကြောင်း ခေါင်းလောင်းတည်နေရာကို ပြောပြ၍ အပ်နှံခဲ့ခြင်း ဖြစ်သည်။

မြောက်ဦးခေတ် ရခိုင်ဘုရင် နရပတိကြီး (၁၆၃၈-၁၆၄၅) လက်ထက်တွင် နိုင်ငံတော်ကို စစ်ရေးအရ ကာကွယ်ရန် သွန်းလုပ်ခဲ့သည့် ဤခေါင်းလောင်းတော်ကြီးတွင် ပါဠိ၊ သက္ကတနှင့် ရက္ခဝဏ္ဏ ဘာသာ ၃ မျိုးဖြင့် အစီအရင်များ ရေးထွင်းထားသည်။ “ခေါင်းလောင်းတစ်ကြိမ်တီးလျှင် အရှေ့ပြည် ၃ ကြိမ် ပြိုသည်” ဟု အဆိုရှိခဲ့သဖြင့် မြန်မာဘုရင်များ အထူးထိတ်လန့်ခဲ့ရသော ခေါင်းလောင်းလည်း ဖြစ်သည်။

ခေါင်းလောင်းမှာအမြင့် ၈၆စင်တီမိတာ၊ အောက်ခြေအချင်း ၆၅စင်တီမီတာ၊ အောက်ခြေအဝန်း ၂၀၇စင်တီမီတာ၊ အနားအထူ ၄စင်တီမီတာ၊ ကိုယ်ထည်အဝန်း ၁၆၀စင်တီမီတာ၊ လုံးပတ် ၂၄စင်တီမီတာ တို့ရှိကြောင်း သိရသည်။

 

ခေါင်းလောင်းတည်ရှိမှုကို ဆွစ်ဇာလန်လူမျိုး ရှေးဟောင်းသုတေသနပညာရှင် Dr. Emmanuel Forchhammer (1851-1890) ကလည်း ဓာတ်ပုံနှင့်တကွ မှတ်တမ်းတင်ခဲ့ဖူးသည်။ အဆိုပါ သမိုင်းဝင်အမွေအနှစ်ကို အပ်နှံခဲ့သည့် ဦးထွန်းအောင်ကို AA က ကျပ်ငွေ သိန်း ၅၀၀ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ- Arakan princess media & Dr. Emmanuel Forchhammer