ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဒီဇင်ဘာ ၂၅ ရက်

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စစ်ကော်မရှင်ကအထိုင်စခန်းချကာ မဲရုံများတည်ဆောက်ထားသည့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီး၊ ရွာသစ်၊ အိုးမြေဒူး ကျေးရွာများနှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးရွာတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင်ကမဲရုံတည်ဆောက်ထားသည့် ဆွာမကြီးရွာနှင့် ရွာသစ်ကျေးရွာ အထိုင်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင် တပ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ အထိုင်စခန်းများနှင့် မဲရုံနေရာများကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကြောင့်မဲရုံကတော့ ပြောင်းသွားပြီ။ ပြောင်းသွားတော့ သူတို့အနေနဲ့က အရှေ့ဘက်ကမ်းမှာ ဘယ်လိုမှလုပ်လို့မရဘူးဆိုတဲ့ဟာမျိုးတော့ ရှိသွားတာပေါ့နော်။ ကျွန်တော်တို့ရည်ရွယ်တာလည်း ဒါကိုပဲရည်ရွယ်တာပေါ့။ အတုအယောင်ရွေးကောက်ပွဲ မဖြစ်အောင်ရည်ရွယ်တာ။ တက်နိုင်သမျှ နေပြည်တော်နဲ့အနီးတဝိုက်မှာရှိတဲ့ ကျေးလက်တွေမှာခပ်များများခပ်စိတ်စိတ် ကျွန်တော်တို့လုပ်ဆောင်သွားပါမယ်” ဟုနေပြည်တော်တိုင်းစစ်ဌာန၊ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ျာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က ရေတာရှည်မြို့နယ်တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွေးကောက်ပွဲကျင်းပမည့် တစ်ခုတည်းသော မဲရုံဖြစ်သည့် ဆွာမကြီးကျေးရွာမဲရုံကို စစ်တောင်းမြစ် အနောက်ဘက်ကမ်းသို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။

 

ထို့ပြင် တိုက်ခိုက်မှုများပြီးနောက် စစ်ကော်မရှင်က စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှ အရှေ့ဘက်ကမ်းသို့ စစ်ကူအင်အားများ ဖြည့်တင်းခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“သူတို့(စစ်ကော်မရှင်)ဘက်က နစ်နာသွားတာရှိတယ်။ ဘာနစ်နာသွားလဲဆိုတော့ မဲထည့်ဖို့အတွက် အရှေ့ဘက်ကမ်းကလူထုတွေ မဲလာထည့်အောင်ရည်ရွယ်ထားတယ်။ ဒီအပေါ်မှာ အနောက်ဘက်ကမ်းကိုကူးပြီးထည့်ဖို့ဆိုတာ လူထုတွေကမလွယ်ဘူး။ ရေတာရှည်မြို့နယ်နဲ့ ပတ်သတ်တဲ့ အရှေ့ဘက်ကမ်းက မဲရုံတွေရွှေ့လိုက်ရတဲ့အတွက် အရှေ့ဘက်ကမ်းမှာရှိတဲ့ ပြည်သူလူထုက မဲတည့်ဖို့မလွယ်တော့ဘူးပေါ့နော်” ဟု ရဲဘော်လက်ျာက ဆက်လက်ပြောသည်။

 

နေပြည်တော်PDFအနေဖြင့် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲကို မကျင်းပနိုင်ရန် အတက်နိုင်ဆုံးဟန့်တားသွားမည်ဖြစ်ပြီးကျေးလက်ဒေသများမှ ပြည်သူလူထုများကိုလည်း မဲပေးခြင်းမပြုလုပ်ကြရန် စည်းရုံးထားကာ ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲတွင် မဲပေးခြင်းမပြုလုပ်ကြရန် ထုတ်ပြန်ပြောဆိုထားသည်။

 

ဓာတ်ပုံ – Nay Pyi Taw PDF