နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
စစ်ရေးပြင်းထန်နေသည့် ဒေသများတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ၍ နစ်မြုပ်ပျက်စီးမှုများ ကြုံနေရသော်လည်း မြစ်တွင်းစစ်ဆင်ရေးများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ရေတပ်ဖွဲ့စည်းတည်ထောင်မှု (၇၈) နှစ်မြောက် အခမ်းအနားတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ရေပြင်သဘာဝနဲ့ ကိုက်ညီတဲ့ မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ်တွေကို ကိုယ်တိုင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် မြစ်တွင်းစစ်ဆင်ရေးတွေမှာ ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်ခဲ့တယ်” ဟု စစ်ခေါင်းဆောင်က ၎င်း၏ လက်အောက်ခံများကို စည်းရုံးပြောဆိုခဲ့သည်။
လက်တွေ့မြေပြင်တွင်မူ စစ်ကော်မရှင်တပ်သည် ရခိုင်၊ ကချင်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ရှုံးနေသဖြင့် ရေကြောင်းမှတစ်ဆင့် တပ်ဖွဲ့ဝင်နှင့် ရိက္ခာများ ပို့ဆောင်နေရပြီး မြစ်ကြောင်း တစ်လျှောက်တွင်တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အပြင်းအထန် ခံနေရသည်။
ရခိုင်နှင့် ကချင်ဒေသများအပြင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင်လည်း စစ်သင်္ဘောများ ထိခိုက်နစ်မြုပ်ခြင်းနှင့် မီးလောင်ပျက်စီးခြင်းများကို မကြာခဏကြုံတွေ့ရသည်ကို တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း စစ်ခေါင်းဆောင်ကမူ ၎င်းအနေဖြင့် ရေတပ်ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရန် စစ်ရေယာဉ်၊ လက်နက်စနစ်နှင့် ရေတပ်သား “အသင့်ဖြစ်မှု ၃ ရပ်” ကို ဖြည့်ဆည်းပေးခဲ့သည်။
ထို့အပြင် စစ်မြေပြင်ကို ရေကြောင်းမှတစ်ဆင့် တပ်ဖွဲ့၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ ပို့ဆောင်ပေးခြင်း၊ ပစ်ကူစစ်ကူပေးခြင်းတို့ကို လုပ်ပေးနေသလို ရေတပ်အင်အား တိုးချဲ့ပေးခြင်းနှင့် ကမ်းခြေစောင့်တပ် ဖွဲ့စည်းပေးခြင်းတို့ကို ဆောင်င်ရွက်ထားကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
ဓာတ်ပုံ-MOI