ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၅ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြှင့်တင်လိုက်ပြီး မြစ်ကြီးနားလေတပ်ဌာနချုပ်ကိုပါ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဗန်းမော်မြို့ပတ်လည်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယနေ့ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ KIA က ထိုးစစ်အရှိန်မြှင့်လိုက်သည့်အတွက် စစ်ကော်မရှင်တပ်စခန်းအချို့ကို သိမ်းပိုက် ရရှိထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ဒီနေ့ကစပြီး ထိုးစစ်ကို အင်အားတိုးမြှင့်လိုက်တာပါ။ စစ်ကူတပ်တွေလည်း နေရာချထားတယ်။ ဘယ်နေရာတွေ သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ပါလိမ့်မယ်။ မြေပြင်သတင်း အသေးစိတ်ကတော့ ချက်ချင်းရဖို့ ခက်နေသေးတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဗန်းမော်မြို့အနီးရှိ ခလရ ၄၇၊ ၃ မိုင်နှင့် ၄ မိုင် နေရာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းမှတစ်ဆင့် ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းနေရသည်။ ယမန်နေ့ကလည်း ကန့်ဘလူ တင့်ကားတပ်ရင်း (၆၀၀၆) မှတစ်ဆင့် လေယာဉ်များ ဗန်းမော်သို့ တက်သွားခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေတပ် အတွင်းရှိ MI-17 ရဟတ်ယာဉ်တစ်စင်းနှင့် K-8W တိုက်လေယာဉ်တစ်စင်းတို့ ပျက်စီးသွားကြောင်း သိရသည်။

 

ထိုသို့ လေတပ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ဘက်က KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အသေခံဒရုန်း သုံးစင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

 

“နေ့လယ်ပိုင်းကစပြီး အသေခံဒရုန်းတွေနဲ့ လာချတာ။ ဌာနချုပ်ဘက်ကတော့ လေကြောင်းနဲ့ ဒရုန်း အန္တရာယ် သတိထားကြဖို့ အကြောင်းကြားထားပါတယ်” ဟု လိုင်ဇာရှိ သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ပုံစာ-စစ်ကော်မရှင် လေတပ်စခန်းတစ်နေရာ (ပုံဟောင်း)
KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)