ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဒီဇင်ဘာ ၂၄ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်း (Non-CDM) များအားလုံး လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် စစ်ကော်မရှင်ရွေးကောက်ပွဲတွင် ဆန္ဒမဲ မပျက်မကွက် ပေးရမည်ဖြစ်ပြီး ပျက်ကွက်ပါက နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ဟု ဌာနဆိုင်ရာ အကြီးအကဲများက ခြိမ်းခြောက်ညွှန်ကြားထားသည်။
ဝန်ထမ်းများအနေဖြင့် မဲပေးရာတွင် မှတ်ပုံတင်မူရင်းနှင့် ဝန်ထမ်းကတ်များ ယူဆောင်လာရန်နှင့် မဲပေးရန် ပျက်ကွက်ပါက ပေါ်ပေါက်လာမည့် ပြဿနာများကို ကာယကံရှင်ကသာ ဖြေရှင်းရမည်ဟု ညွှန်ကြားချက်တွင် ပါရှိကြောင်း ဝန်ထမ်းများထံမှ သိရသည်။

“မဖြစ်မနေ မဲပေးရမယ်လို့ ညွှန်ကြားထားတာ ဟုတ်ပါတယ်။ မဖြစ်မနေ ဝန်ထမ်းတွေအားလုံး မဲပေးရမယ်လို့ ပါတယ်။ မဲမပေးသူတွေကို ဌာနက ကာကွယ်ပေးမှာမဟုတ်ဘဲ ကိုယ့်ဘာသာ ဖြေရှင်းရမယ်လို့လည်း ပါတယ်” ဟု တီးတိန်မြို့ရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
အဆိုပါ ညွှန်ကြားချက်သည် ကျန်းမာရေးဝန်ထမ်းများသာမက အခြားဌာနဆိုင်ရာများသို့လည်း ပျံ့နှံ့ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် တီးတိန်မြို့၌ ရွေးကောက်ပွဲနီးကပ်လာသဖြင့် စစ်ကော်မရှင်အဖွဲ့ဝင်များက လူစည်ကားရာ နေရာများတွင် စတုဒီသာ ကျွေးမွေးခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နေပြီး ဒေသခံများမှာ ခရစ္စမတ်ကာလ ဖြစ်သောကြောင့် စိတ်ဝင်စားမှုမရှိကြောင်း သိရသည်။
“မြို့ထဲမှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ ပါတီဝင်တွေက ခြေရှပ်နေကြတယ်။ လူစည်းကားတဲ့ နေရာတွေမှာလည်း စတုဒီသာကျွေးမွေးတာ၊ မဲဆွယ်တာတွေ လုပ်နေတယ်။ ခရစ္စမတ်ကာလဆိုတော့ ပြည်သူတွေလည်း စိတ်မဝင်စားကြဘူး”ဟု တီးတိန်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တီးတိန်မြို့တွင် ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များက လူစည်းကားသည့် နေရာများတွင် စတုဒီသာ ကျွေးမွေးခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
တီးတိန်မြို့သည် စစ်ကော်မရှင်တပ် ထိန်းချုပ်ထားသည့် ချင်းပြည်နယ်ရှိ မြို့နယ်နှစ်ခုအနက် တစ်ခုဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပရန် စစ်ကော်မရှင်က အတင်းအကျပ် စီစဉ်နေခြင်းဖြစ်သည်။
ပုံစာ- တီးတိန်မြို့ကို တွေ့ရစဥ်။