ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ကျေးရွာ လေးရွာထက်မနည်းတွင် စစ်ကော်မရှင်နှင့် AA၊ ဧရာဝတီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ သေဆုံးမှု များပြားနေကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ သဲဖြူ၊ မရမ်းကျင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးစသည့်ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကာ စစ်ကော်မရှင်ဘက်မှ တပ်သားသစ်များ ရှေ့တန်းစစ် မျက်နှာမှ အစုလိုက်ထွက်ပြေးနေကြသည်ဟု ဆိုသည်။

“စစ်မှုထမ်းတပ်သားသစ်တွေကို ကျည်ကာတွေမပေးဘဲ တက်ခိုင်းသဖြင့် အကျအဆုံးများနေပြီး သေဆုံးရုပ်အလောင်းများကို နောက်တန်းပြန်မသယ်ဘဲ ထားကြသည့်အတွက် အဆိုပါမြင်ကွင်းကိုတွေ့ရှိကာ စိတ်ဓာတ်ပျက်ပြားပြီး ထွက်ပြေးသူများပြားနေသည်”ဟု ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဖော်ပြထားသည်။

ထို့အပြင် ရှေ့တန်းစစ်မျက်နှာ၌ ကျည်ထိ၊ မိုင်းထိ၊ ဒဏ်ရာရ စစ်ကော်မရှင်တပ်များကို ပုသိမ်စစ်မြေပြင်ဆေးတပ်ရင်း မဆရ ၄ သို့ ပို့ဆောင်ဆေးဝါးကုသနေရမှုများရှိနေပြီး ဆေးရုံမှထွက်ပြေးတိမ်းရှောင်နေသူ များလည်းရှိနေကြောင်း သိရသည်။

ဆေးရုံမှ ထွက်ပြေးတိမ်းရှောင်သည့် စစ်ကော်မရှင်တပ်သားများကို ယခင်ကကဲ့သို့ အနောက်မှလိုက်လံ ဖမ်းဆီးခြင်းမပြု‌တော့ဘဲ စစ်ဆေးရေးဂိတ်များကို ထွက်ပြေးသူ၏ ဓာတ်ပုံနှင့်အချက်အလက်များပေးပို့ကာ စစ်ဆေး‌ဖမ်း‌ဆီးသည့်အစီအစဉ်ကို ပြောင်းလဲထားကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်တွင်သာမက လေးမျက်နှာနှင့် ရေကြည်မြို့နယ်အစပ်တို့တွင်ပါ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကို ဆက်တိုက်ပြုလုပ်နေသည်။

ဧရာဝတီ-ရခိုင်အစပ်တွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AA Info Desk) ပုံဟောင်း