ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူပြီးနောက် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။
မိုးကုတ်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲကြီး ခြောက် ကြိမ်နှင့် ထိတွေ့ တိုက်ပွဲငယ် ကိုး ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ စုစုပေါင်း ၁၈ ဦးသေဆုံးသည်ကို မျက်မြင်အတည်ပြု နိုင်ခဲ့ပြီး စစ်သုံ့ပန်း သုံး ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် MOD က ထုတ်ပြန် သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် စစ်ကော်မရှင် ခြေကုပ်ယူထားသည့် မိုးကုတ်မြို့နယ် အတွင်းမှ ကျေးရွာတစ်ရွာနှင့် စိုးမိုးကုန်းတစ်ခုကို ထပ်မံသိမ်းပိုက်ရရှိထားကြောင်းလည်း သိရသည်။
စစ်ကော်မရှင်၏ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းများကို တော်လှန်ရေးတပ်ဖွဲ့များက အထူးစစ်ဆင်ရေးများ ဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်မှုများကြောင့် စစ်ကော်မရှင် အနေဖြင့် ထိခိုက်ကျဆုံးမှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် ပြည်သူလူထုနှင့် လက်တွဲလျက် မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်အတွင်းကို ကျူးကျော် ဝင်ရောက်လာသည့် စစ်ကော်မရှင်အား ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုထားသည်။
မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာတွင်ရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို KIA နှင့်ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ရာ အပြန်အလှန် လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ-MOD