ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
စစ်ကော်မရှင်တပ်များ အင်အားထောင်ချီသုံးကာ လက်နက်ကြီးစခန်းများနှင့် ခြေကုပ်ယူလိုက်သည့် မိုးကုတ်မြို့စစ်ဗျူဟာကုန်းနှင့် စစ်စခန်းအချို့ကို တော် လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ယခု ဒီဇင်ဘာ တတိယပတ်အတွင်းက မိုးကုတ်ဗျူဟာကုန်းနှင့် ဂေါက်ကွင်းအတွင်းရှိ စစ်ကော်မရှင်တပ်စွဲထားရာနေရာများကို လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်ခတ်ခဲ့ရာ စခန်းများပေါ်သို့ တည့်တည့်ကျရောက်၍ ပေါက်ကွဲမှုများရှိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ဂေါက်ကွင်းနဲ့ ဗျူဟာကုန်းကို တည့်တည့်ပစ်ခတ်နိုင်ခဲ့တဲ့အတွက် သေဆုံးမှုတော့များနိုင်တယ်။ စာရင်းအတိ အကျတော့ မသိပေမယ့် ရည်မှန်းချက်ကို ရောက်တယ်လို့ ပြောလို့ရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်တပ်စွဲထားရာ ညောင်သုံးပင်ရွာနှင့် လယ်ဦးရွာ၊ ဂေါ်ရခါးဘုရားကျောင်းကို ဒရုန်းနှင့် ဗုံးချတိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ မိုးကုတ်မြို့မြောက်ခြမ်း အုန်းကိုင်းရပ်အတွင်းထိ လက်နက်ငယ်ပစ်ခတ်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
မိုးကုတ်မြို့နောက်ဘက်ခြမ်းရှိ ဘော်လုံးကြီး၊ ရေအေး၊ ကပိုင်၊ လောင်းစင်၊ ကင်း၊ ရွှေညောင်ပင်၊ အုန်ဒါန်နှင့် မြောက်ဘက်ခြမ်းရှိ ပြောင်ခေါင်း၊ ချောင်းကြီး၊ ကျောက်ပုံ ကျေးရွာအုပ်စုများတွင် ထိတွေ့တိုက်ပွဲများ ဆက် လက်ပြင်းထန်လာနိုင်သည့် အခြေအနေရှိပြီး စစ်ရေးတင်းမာနေကြောင်း သိရသည်။
စစ်ကော်မရှင်က မိုးကုတ်မြို့အတွင်းမှ စစ်ရှောင်သွားသူများကို မြို့အတွင်း ပြန်လည်ဝင်ရောကနေထိုင်ရန် လှုံ့ဆော်မှုများရှိသည့်အပြင် မိုးကုတ်မြို့အတွင်း အင်အားထောင်ချီဖြင့် တပ်ဖြန့်၍မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ထားသည်။