ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ MRTV နှင့် MRN လူမှုကွန်ရက် စာမျက်နှာများကို Facebook က ဖယ်ရှားလိုက်ကြောင်း ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် Justice for Myanmar(JFM) က ထုတ်ပြန်ခဲ့သည်။
စစ်အုပ်စုက ယခုလအတွင်းအသစ်ဖွင့်လှစ်ထားသည့် MRTV အကောင့်နှင့် MRTV မှထုတ်လွှင့်သည့် အကြောင်းအရာများကို ပြန်လည်ကူးယူဖော်ပြနေသည့် MRN စာမျက်နှာများကို Facebook က မြန်ဆန်စွာပင် အရေးယူကာ ယခုကဲ့သို့ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
Facebook အနေဖြင့်ယခုကဲ့သို့ စစ်အုပ်စု၏လူမှုကွန်ရက်စာမျက်နှာများကို ဖယ်ရှားလိုက်ခြင်းကြောင့် စစ်အုပ်စု၏ ဝါဒဖြန့်ယန္တရားအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်လာပြီး JFM အနေဖြင့် ယခုလုပ်ရက်ကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် Facebook သည် စစ်အုပ်စုပိုင် MITV နှင့် ရတနာပုံသတင်းစာတို့၏ စာမျက်နှာများကိုလည်း ယခင်ကတည်းက ဖယ်ရှားခဲ့ပြီးဖြစ်ကာ စစ်အာဏာသိမ်း ၂၀၂၁ ခုနှစ်မှစတင်၍ စစ်အုပ်စုနှင့် ဆက်နွှယ်သည့် အဖွဲ့အစည်းများ နှင့်မီဒီယာများကို Facebook နှင့် Instagram ပလက်ဖောင်း များပေါ်တွင် အသုံးပြုခွင့်ပိတ်ထားလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် Facebook အပြင် YouTube၊ MediaFire၊ Kick၊ Twitch စသည့် နည်းပညာကုမ္ပဏီကြီးများမှာ စစ်အုပ်စု၏ ဝါဒဖြန့်ချန်နယ်မှန်သမျှကို ၎င်းတို့၏ ပလက်ဖောင်းများတွင် အသုံးပြုခွင့် ပိတ်ပင်လျက်ရှိပြီး အသစ်ဖွင့်ကြောင်းတွေ့ရှိပါကလည်း အချိန်မဆိုင်းပိတ်ပင်လျက် ရှိသည်။
ဓာတ်ပုံ – Justice for Myanmar