ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူဝီစီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူးကို ဂရင်းလန် ကျွန်းဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ လုံခြုံရေးအရ ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပိုင်ဆိုင်သင့်တယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။
ဂျက်လန်ဒရီကို ဂရင်းလန်ကျွန်းဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ကြောင်း ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ကြေညာခဲ့ပါတယ်။ လန်ဒရီဟာ ဒေါ်နယ်ထရမ့်နဲ့ နီးကပ်မှုရှိသူ ဖြစ်ပါ တယ်။
လန်ဒရီရဲ့ အခန်းကဏ္ဍသစ်ကို ရှင်းလင်းစွာ မသိရပေမယ့် ဂရင်းလန်ကျွန်းကို အမေရိကန်ပိုင်နက် လုပ်ဖို့ စေတနာ့ဝန်ထမ်းရာထူးမှာ တာဝန်ထမ်းဆောင်ရတာ ဂုဏ်ယူပါတယ်” လို့ ၎င်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ဂရင်းလန်ကျွန်း အပါအဝင် အနောက်ပိုင်းရှိ နယ်မြေတွေ တည်ငြိမ်ရေးမှာ အရေးကြီးတယ်လို့ သတ်မှတ်ခဲ့ပြီး အာတိတ်စက်ဝိုင်းဒေသမှာ ရုရှားနဲ့တရုတ်ရဲ့ လှုပ်ရှားမှုတွေ အရှိန်မြှင့် လာမှုကို စိုးရိမ်နေပါတယ်။
“အမေရိကန်နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ ဂရင်းလန်ကျွန်းကို လိုအပ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဂရင်းလန်ကျွန်းအနီး ရေပိုင် နက်မှာ ရုရှားနဲ့တရုတ်သင်္ဘောတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
ဂရင်းလန်ကျွန်းရဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုကို ကာကွယ်မယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မတ်တေး ဖရက်ဒရစ်ဆင်နဲ့ ဂရင်းလန်ဝန်ကြီးချုပ် ဂျန်းစ်ဖရက်ဒရစ်က တနင်္လာနေ့က ပူးတွဲထုတ်ပြန်ချက်မှာ ပြော ပါတယ်။
“အမေရိကန်က အခြားတိုင်းပြည်ကို ကျူးကျော်လို့မရပါဘူး။ ဂရင်းလန်ကျွန်းကို ဂရင်းလန်ကျွန်း သားတွေက ပိုင်ဆိုင်ပြီး အမေရိကန်နိုင်ငံက ဂရင်းလန်ကျွန်းကို လွှဲပြောင်းယူဖို့ မသင့်ပါဘူး” လို့ ၎င်းတို့က ပြောပါတယ်။
ကိုးကား – NHK
Ref; Trump appoints special envoy to Greenland, sparking backlash from Denmark