ဧရာဝတီတိုင်မ်း
ဒီဇင်ဘာ ၂၃ ရက်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စင်းနှင့်အတူ မြန်မာနိုင်ငံသား လေးဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သုဝဏ္ဏဘူဘူမိလေဆိပ်အနီးတွင် ဒရုန်းများပျံသန်းနေကြောင်း သတင်းရရှိပြီးနောက် ထိုင်း ရဲတပ်ဖွဲ့က ဒရုန်းများကို ထိန်းချုပ်နေသည့်နေရာဟု ယူဆရသည့် ဟိုတယ်ကို ဝင်ရောက်စီးနင်းရာမှ မြန်မာနိုင်ငံသားများဖြစ်သည့် ဇေထက်အောင်၊ စနေလင်းထက်၊ ကျော်ဇင်ဟိန်း၊ သိန်းဇော် တို့ကိုဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြန်မာ လေးဦးမှာ ဒရုန်းများကို Kevin Zo အမည်ရှိ ၎င်းတို့၏အထက်လူကြီးထံ ယူဆောင်လာရန် အမိန့်ပေးခြင်းခံထားရပြီး ၎င်းမှတဆင့် မြန်မာစစ်တပ်ထံရောင်းချမည်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အာဏာပိုင်များက စုံစမ်းမှုများကို ဆက်လက်လုပ်ဆောင်နေပြီး အဆိုပါမြန်မာ လေး ဦးကိုလည်း ဗီဇာပယ်ဖျက်ထားကာ လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် သံသယဖြစ်ဖွယ် ဒရုန်းပျံသန်းနေမှုများကို တွေ့ရှိပြီးနောက် ဒရုန်းများမှာ ရုရှားစစ်စခန်းများကို တိုက်ခိုက်သည့် ယူကရိန်းဒရုန်းပုံစံများ နှင့်ဆင်တူသည့်အတွက် ထိုင်းလုံခြုံရေးအေဂျင်စီများက အန္တရာယ်ရှိလာနိုင်သည်ဟု ယူဆခဲ့ကြပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
လက်ရှိတွင် သံသယဖြစ်ဖွယ် ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုးကား – Bangkok Post၊ The Nation Thailand