ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ဒီဇင်ဘာလ ၂၃ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဟိုင်မွာလ်ကျေးရွာကို ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့အနီးတွင်လည်း စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ် ဝိတိုရိယစခန်းနှင့် မလှမ်းမကမ်းတွင် တည်ရှိသည့် ဟိုင်မွာလ်ကျေးရွာကို ယနေ့ နံနက် ၃ နာရီဝန်းကျင်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး လေး လုံးထက်မနည်း လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်။

“အရပ်သားတွေ အိပ်မောကျနေချိန်မှာ ဗုံးသီးလေးလုံးလောက် ကြဲသွားတာပါ။ ဗုံးသီးတွေက ရွာရဲ့ ဘုရားကျောင်းအနောက်ဘက်နဲ့ သင်္ချိုင်းကုန်းအနီးမှာ ကျတယ်”ဟု ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ် လေကြောင်း ဗုံးကြိမ်တိုက်ခိုက်သည့်အတွက် အရပ်သားများ ထိခိုက်မှု မရှိသော်လည်း လူနေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သိရှိရသည်။လေကြောင်း တိုက်ခိုက်ခံရသည့် လက်ရှိ ဖလမ်းမြို့နယ်တွင် ဖြစ်ပွားသည့်နေရာနှင့် အလှမ်းဝေးသလို မည်သည့်စစ်ရေးလှုပ်ရှားမှုမျှ မရှိကြောင်း သိရသည်။

ကလေးမြို့နယ် မှ တက်လာသော စစ်ကော်မရှင်တပ် စစ်ကြောင်း နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ် တို့သည် ဖလမ်းမြို့အနီးတွင် နေစဥ်ထိတွေ့မှု တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်၏ လေကြောင်းမှ ခုခံတိုက်ခိုက်ပေးနေကြောင်း သိရသည်။

“ဖလမ်းမြို့အနီးမှာတော့ တိုက်ပွဲပြင်းထန်နေဆဲပါ။ နေ့စဥ်ထိတွေ့ရှိမှု ရှိပါတယ်။ လေကြောင်း ကနေလည်း မထင်ထားလောက်အောင် တိုက်ခိုက်နေပါတယ်။ စစ်ကော်မရှင်ဘက်က သေဆုံးမှုများ သလို ကျွန်တော်တို့ဘက်ကလည်း ကျဆုံးမှုရှိတယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာလည်း ရှိပါတယ်”ဟု ချင်းပြည်အစိုးရ (CC) ၏ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ဖလမ်းမြို့အနီး တိုက်ပွဲတွင် CNA ရဲဘော် ခူမီးအမျိုးသားတစ်ဦး၊ CDF ဇိုတုန် ရဲဘော်နှစ်ဦး ကျဆုံးခဲ့သလို ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း CDF မတူပီ တပ်မဟာ (၂) စစ်ဦးစီးဌာနမှူးတို့ ကျဆုံးခဲ့သည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည့် ဖလမ်းမြို့ကို ပြန်လည်သိမ်းယူရန် ကလေးမြို့နှင့် တီးတိန်မြို့မှ ထိုးစစ်ဆင်လာသော စစ်ကြောင်းသည် ဖလမ်းမြို့အနီး ၁၀ မိုင်သာကွာဝေးသည့်နေရာတွင် ရောက်ရှိနေပြီဖြစ်သည်။