နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ၅ ရက်သာ လိုတော့သော်လည်း ပြည်သူများက လက်မခံဘဲ ဆက်လက်ဆန့်ကျင်နေသဖြင့် ရွေးကောက်ပွဲ ဥပဒေများဖြင့် ထပ်မံဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေသည်ကို စစ်ကော်မရှင် ဝါဒဖြန့် သတင်းစာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ “အပိုင်း (၁)” ကို စတင်ရန် စီစဉ်နေချိန်၌ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့မှ ပြည်သူများကို အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Facebook ပေါ်တွင် ရွေးကောက်ပွဲဆန့်ကျင်ရေးစာများ မျှဝေခြင်း (Share) ပြုလုပ်သည်ဟုဆိုကာ ပြည်သူ ကို ဦးကို ဖမ်းဆီးခဲ့ပြီး ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် PPP ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့၏ မဲဆွယ်ဆိုင်းဘုတ်များကို ဆုတ်ဖြဲသည်ဟုဆိုကာ နောက်ထပ် နှစ် ဦးကိုပါ အမှုဖွင့်ခဲ့သည်။

“ရွေးကောက်ပွဲကို မယုံကြည်ဘူးလို့ ထုတ်ပြောခွင့် မရပေမယ့် ကိုယ့်ရင်ထဲက ယုံကြည်ရာကိုတော့ သူတို့ လာကန့်ကွက်လို့မရဘူး။ မဲသွားမပေးဘူး။ မဲမပေးခြင်းနဲ့ ဆန့်ကျင်မယ်” ဟု သန်လျင်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာမည့် “အစိုးရ” ဆိုသည်မှာလည်း ၎င်းတို့စစ်တပ်မှ လူများသာဖြစ်၍ ထူးလာခြင်းမရှိနိုင်သလို ပြည်သူလူထုကိုလည်း လေးလေးစားစားဖြင့် လူရာ သွင်းမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ယခင်ဇေယျာသီရိမြို့၏ UEC ဥက္ကဋ္ဌဟောင်း ဦးမောင်မောင်က “ပြည်သူ့အမြင် သဘောထားက သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု လုံးဝရှိမနေတာကို သက်သေပြနေတာ ပိုရှင်းလင်းထင်ရှားလာတာပေါ့” ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လုံခြုံရေးဆိုင်ရာ ကြီးကြပ် မှုဗဟိုကော်မတီကို ဖွဲ့စည်းကာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူ ၂၂၉ ဦးကို အရေးယူထားပြီးဖြစ်သည်။

အဆိုပါ အရေးယူခံရသူများထဲတွင် အနုပညာရှင်များနှင့် အသက်မပြည့်သေးသူများပါဝင်ကာ ၎င်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်သည် သတင်းမီဒီယာများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) များကို လည်း ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့၏ ရွေးကောက်ပွဲကို အကြောက်တရား ဖြင့် အတင်း အဓမ္မ တွန်းအားပေးလျက်ရှိသည်။