ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

 

စစ်ကိုင်းတိုင်းအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို လက်တွေ့ဖော်ဆောင်ရန်အတွက် “စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့” ကို ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်ကြေညာသည်။

 

အဆိုပါ လွှတ်တော်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပြီး ကြားကာ လဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ဝင်များကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တော်လှန်ရေးခေါင်းဆောင်များ တက်ရောက်ကာ နှုတ်ခွန်းဆက် မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

 

အစိုးရအဖွဲ့၏ စုဖွဲ့မှုနှင့် အဓိကတာဝန်များ ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးဦးက တင်သွင်းသည့် အစိုးရအဖွဲ့ဝင် ၁၂ ဦး အမည်စာရင်းကို လွှတ်တော်က အတည်ပြုခဲ့သည်။

 

အဆိုပါအဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်နေဝင်း၊ ကာကွယ်ရေးဝန်ကြီးအဖြစ် ဦးကိုကိုအောင်၊ ပြည်ထဲရေးဝန်ကြီးအဖြစ် ဦးမိုးမင်းဝင်းတို့ အပါအဝင် ဝန်ကြီးဌာန ၁၀ ခုနှင့် ရှေ့နေချုပ်ရုံးတို့ကို ဖွဲ့စည်းခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားရာတွင် စစ်ကိုင်းဒေသသည် ဆိုးရွားရက်စက်သည့် စစ်ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ရင်ဆိုင်နေရ သော်လည်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နေကြောင်းနှင့် ယခုဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့သည် NUG ၏ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို သင်ခန်းစာ ကောင်းအဖြစ် ရယူ၍ ပြည်ထောင်စုအစိုးရနှင့် ဟန်ချက်ညီညီ ပူးပေါင်းကာ စစ်ကိုင်းဒေသကို ပိုမိုကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ဖြင့် ဖော်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။

 

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ယခုခြေလှမ်းသည် ဗဟိုချုပ်ကိုင်မှုစနစ်ကို အပြီးတိုင်ဖျက်သိမ်းကာ ပြည်သူ့ဆန္ဒကို အခြေခံသည့် ဖက်ဒရယ်ယူနစ်တစ်ခု၏ အုပ်ချုပ်ရေး အာဏာကို လက်တွေ့အသက်သွင်းခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ထိုပြင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးကလည်း မတူညီသည့် အင်အားစုများ စုစည်းထားခြင်းဖြစ်၍ နားလည်မှုနှင့် ပေါင်းစပ်နိုင်မှုသည် အဓိကကျကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် သတိပေး ပြောကြားခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် ကြားကာလအစိုးရအဖွဲ့သည် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ စစ်ဘေးရှောင် ကူညီရေးနှင့် သယံဇာတစီမံအုပ်ချုပ်မှု အပါအဝင် အရေးပေါ်ဝန်ဆောင်မှုများကို ရှေ့တန်းမှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အတည်ပြုခန့်အပ်လိုက်သည့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ဝင်များမှာ- ၁။ ဒေါက်တာအောင်နေဝင်း (ဒုတိယဝန်ကြီးချုပ်) ၂။ ဦးကိုကိုအောင် (ကာကွယ်ရေးဝန်ကြီး) ၃။ ဦးမိုးမင်းဝင်း (ပြည်ထဲရေးဝန်ကြီး) ၄။ ဦးခန့်ဝေဖြိုး (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး) ၅။ ဒေါက်တာတင်အောင်မိုး (ပညာရေးဝန်ကြီး) ၆။ ဒေါက်တာမြင့်အောင် (ကျန်းမာရေးဝန်ကြီး) ၇။ ဦးတိုးဝေအောင် (လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး) ၈။ ဦးသန်းလှိုင် (လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး) ၉။ ဦးဇင်မင်းထွန်း (သစ်တောနှင့် သယံဇာတရေးရာဝန်ကြီး) ၁၀။ ဦးဘွဲ့ဟုပ်ထန်း (တိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီး) ၁၁။ ဒေါ်ရတီအုန်း (စည်ပင်သာယာရေးဝန်ကြီး) ၁၂။ ဦးအောင်ချစ်ညို -(ရှေ့နေချုပ်) တို့ဖြစ်သည်။