နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
အာဏာသိမ်းစစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်း များကို ကြည့်ရှုသူမရှိသလောက် နည်းပါးနေသဖြင့် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားမည်ဟု ထုတ်ပြန်လာသလို အဆိုပါရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်သည့် ပြည်သူများကိုလည်း အမှုဖွင့် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ပြုလုပ်ရန် စီစဉ်နေပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်အချို့၌ “အပိုင်း-၁” ကို စတင်မည်ဖြစ်သည်။ ထိုသို့ကျင်းပနိုင်ရန်အတွက် ပြင်ဆင် ဖြည့်စွက်ထားသည်ဆိုသော မဲစာရင်းများကို ဒီဇင်ဘာ ၂၃ ရက်မှစတင်ကာ ရပ်ကျေးရုံးများနှင့် မဲရုံများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားမည်ဟု စစ်ကော်မရှင် လက်အောက်ခံ UEC က ဆိုသည်။
စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ပြုလုပ်မည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ်တချို့၌ အပိုင်း(၁) စတင်ပြုလုပ်သွားမည်ဖြစ်သောကြောင့် မဲစာရင်းများ ပြင်ဆင်၊ ဖြည့်စွက်စိစစ်၍ ယနေ့ ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ထပ်မံကပ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
ယခင်က မဲစာရင်းကပ်ထားမှုကို စက်တင်ဘာနှင့် နိုဝင်ဘာအတွင်း နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ သော်လည်း ပြည်သူများက စိတ်ဝင်စားမှုမရှိဘဲ လာရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့သည်။ အဆိုပါ မဲစာရင်းများသည် မှန်ကန်မှုမရှိသည့် ၂၀၂၄ သန်းခေါင်စာရင်းကို အခြေခံထားပြီး လူဦးရေ ၁၉ သန်းကျော်ကို ထည့်သွင်းထားခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်သူလူထုနှင့် နိုင်ငံတကာက ယုံကြည်မှုမရှိသဖြင့် အတုအယောင်အဖြစ် သတ်မှတ် ထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများအား စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေသည်။
စစ်ကော်မရှင်သည် တစ်ဖက်တွင်လည်း နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ် ဖြတ်ခြင်းများကို အရပ်သားများအပေါ် ပစ်မှတ်ထား လုပ်ဆောင်နေသဖြင့် ပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့်ကြားမှ ၎င်းတို့၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အဓမ္မတွန်း အားပေး လုပ်ဆောင်နေခြင်း ဖြစ်သည်။
ယနေ့မှစတင်ကပ်ထားမည့် မဲစာရင်းများကို အပိုင်း (၁) ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်အထိ ၁၄ ရက်ကြာ ရပ်ကျေးရုံးများနှင့် မဲရုံများတွင် ထပ်မံကပ်သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက် အရသိရသည်။
ဓာတ်ပုံ-MOI