ဧရာဝတီတိုင်းမ်
‌ဒီဇင်ဘာ ၂၃ ရက်

 

စစ်ကော်မရှင်၏ ဝါဒဖြန့် ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်ရှိ နိုင်ငံတကာဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်သည့် MITV ချန်နယ်ကို YouTube မှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း Justice for Myanmar ထံမှ သိရသည်။

 

Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabetလက်အောက်ရှိ YouTube သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း စစ်အုပ်စုလက်အောက်ခံ ဝါဒဖြန့်ချီရေးချန်နယ်တစ်ခုကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။

 

MITV သည် စစ်အုပ်စုက ၎င်းတို့၏ ဝါဒဖြန့်လုပ်ငန်းစဉ်များ၊ တရားမဝင်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို အင်္ဂလိပ်ဘာသာစကားအသုံးပြု၍ နိုင်ငံတကာသို့ ဝါဒဖြန့်ချီရန် တင်ဆက်နေသည့် ရုပ်သံလိုင်းတစ်ခုလည်းဖြစ်သည်။

ထို့ပြင် ဩစတေးလျအခြေစိုက် တိုက်ရိုက်ထုတ်လွှင့်မှုများ(Live)ပြုလုပ်နိုင်ပြီး Liveလွှင့်သူများ အသုံးများသည့် ပလက်ဖောင်း Kick ကလည်း စစ်ကော်မရှင်၏ သက်ဆိုင်ရာဝါဒဖြန့်အကောင့်များကို ၎င်းတို့ Kick ပလက်ဖောင်းပေါ် ရောက်ရှိပြီး ၂၄ နာရီမပြည့်ခင်ပင် အကောင့်ကိုဖျက်သိမ်းလိုက်ကြောင်း သိရသည်။

 

Kick ကဖယ်ရှားလိုက်သည့် စစ်အုပ်စု၏အကောင့်များမှာ MITV၊ MRTV HD၊ MRTV News၊ MRTV Farmers၊ MRTV Sports၊ MRTV NRC၊ MRTV Entertainment ချန်နယ်တို့ဖြစ်ကြောင်း သိရသည်။

 

စစ်အုပ်စုသည် တိုက်ရိုက်ထုတ်လွှင့်ရာတွင်လူသုံးများသည့် Twitch ပလက်ဖောင်းမှ ၎င်းတို့၏MRTV နှင့် MITV ချန်နယ်များ ဖျက်သိမ်းခံပြီးနေက် Kick ပလက်ဖောင်းသို့ ရွှေ့ပြောင်းရာမှ ယခုကဲ့သို့ တရက်မပြည့်ခင် ထပ်မံဖျက်သိမ်းခံရခြင်းဖြစ်သည်။

 

စစ်အုပ်စု၏ မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဝါဒဖြန့်သတင်းမှားဖြန့်ချီရေးလုပ်ဆောင်မှုများကို အဟန့်အတားဖြစ်စေရန် Justice for Myanmar အဖွဲ့အစည်းမှ နိုင်ငံတကာနည်းပညာကုမ္ပဏီများကို သတင်းပေးပို့တိုင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် Facebook၊Twitch၊ YouTube၊ MediaFire၊ Kick စသည့် ကမ္ဘာတဝန်းလူသုံးများသည့် နည်းပညာကုမ္ပဏီကြီးများမှ စစ်ကော်မရှင်ပြန်ကြားရေးလက်အောက်ရှိ ဝါဒဖြန့်အကောင့်များ၊ ချန်နယ်များကို ဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ – Justice for Myanmar