နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုဝင်များကို ဖမ်းဆီးရန်အတွက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး မြေပြင်တပ်ဖွဲ့များကိုလည်း ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။

NUG၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ယခင်စစ်ကောင်စီ (SAC) အဖွဲ့ဝင် ၃၃ ဦးသာမက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည့် “စစ်ကော်မရှင်” အဖွဲ့ဝင် ၁၀ ဦးကိုပါ အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

“မြေပြင်ကိုလည်း ဖမ်းဆီးဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စိုးမိုးထိန်းချုပ် နယ်မြေ‌တွေရှိနေတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ၎င်းတို့အား စိုးမိုးနယ်မြေများအတွင်း၌ဖြစ်စေ၊ လမ်းပိုင်းများ၌ဖြစ်စေ ဖမ်းဆီးရမိပါက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူသွားမည်ဟုလည်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

အကြမ်းဖက်သမားအဖြစ် ကြေညာခံရသူများတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြင် လက်ရှိ စစ်ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးညိုစော၊ ဦးအောင်လင်းဒွေး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးသန်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ပါဝင်သည်။

ယင်းအပြင် စစ်အုပ်စုနှင့် ပူးတွဲပါ အရပ်သားအဖွဲ့ဝင်များဖြစ်သည့် ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဒေါ်ဒွဲဘူ၊ ဒေါက်တာဗညားအောင်မိုး နှင့် ဒေါက်တာမှုထန် အပါအဝင် ၃၃ ဦး ပါဝင်သည်။

နိုင်ငံတကာကလည်း အရေးယူဒဏ်ခတ်ထားသည့် အဆိုပါ စစ်ရာဇဝတ်ကောင်များကို ဖမ်းဆီးရမိပါက ပြည်တွင်းတရားစီရင်ရေးခုံရုံးများအပြင် နိုင်ငံတကာခုံရုံးများနှင့် ချိတ်ဆက်၍ အရေးယူနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

NUG အစိုးရအနေဖြင့် အဆိုပါ အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်း ထားသည်။

ဓာတ်ပုံ-MOI