‎‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၂ ရက်

‎‎ကျောက်ဖြူတိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ အင်အားပြုန်းတီးလာ၍ ရန်ကုန်တပ်ရင်းများမှ စစ်ကူများကို ဆက်တိုက်ပို့ဆောင်နေရကြောင်း သိရသည်။

‎‎အင်းတိုင်အခြေစိုက် တပ်မ ၁၁ မှ လက်အောက်ခံတပ်ရင်းများအပြင် စစ်မှုထမ်းတပ်သားသစ် စုစုပေါင်း အင်အား ၄၀၀ ခန့်ကို ရေကြောင်းမှ ကျောက်ဖြူကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့ နောက်ပိုင်းက ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

‎‎”ရန်ကုန်ကတပ်တွေနဲ့ တပ်သားသစ်တွေကို ကျောက်ဖြူနဲ့ ညောင်ကျိုးကို ပို့နေတယ်သိထားပါတယ်။ ရေကြောင်းကနေကျောက်ဖြူရေတပ်တွေကိုပို့တယ်လို့ သိရပါတယ်” ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောသည်။

‎ကျောက်ဖြူ၊ ကပ်သပြေရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲကို စစ်ကော်မရှင်က ဓညဝတီရေတပ်ဌာနချုပ်အတွင်းမှ အင်အားရာချီ၍ အသုတ်လိုက်ပို့ဆောင်နေခြင်းဖြစ်သည်။

‎ထိခိုက်သေဆုံးမှုများပြီး အင်အားပြုန်းတီးလာသည့် စစ်ကော်မရှင်တပ်များသည် သိုင်းချောင်းနှင့် မင်းပြင်ရွာအတွင်း တပ်စွဲနေထိုင်နိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎ရန်ကုန်မှ စစ်ကူများကို ကျောက်ဖြူသို့ ယခု ဒီဇင်ဘာလအတွင်း သုံးသုပ်ခွဲ၍ပို့ဆောင်ထားပြီး ကျောက်ဖြူရေတပ်များမှတဆင့် မြေပြင်စစ်ကြောင်းကို တဆင့်ချင်း ပို့ဆောင်နေကြောင်း သိရသည်။

‎စစ်ကော်မရှင်က AAနှင့် စစ်ဆိုင်ထားရသည့် ရခိုင်-မကွေးအစပ် နတ်ရေကန်ဗျူဟာ၊ ရခိုင်-ပဲခူးအစပ် ညောင်ကျိုးစခန်း၊ ကပစ ၁၆၏ ကာကင်း ပွိုင့် ၆၆၆စခန်းတို့ကို အင်အားအလုံးအရင်းသုံး စစ်ကူများ ဆက်တိုက်ပို့နေခြင်းဖြစ်သည်။