နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
ပြည်သူများအနေဖြင့် မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် စစ်တပ်နှင့် လက်တွဲနိုင်သူများကိုသာ ရွေးချယ်မဲပေးရန်နှင့် ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လုံခြုံရေးပိုင်း၌ ပူးပေါင်းပါဝင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပဲခူးတိုင်းသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးခဲ့သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသော စစ်ခေါင်းဆောင်သည် ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်က ပြည်ခရိုင်အတွင်းရှိ ၎င်းတို့၏ လက်အောက်ခံ Non-CDM ဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖဆိုသူများကို တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဆန္ဒမဲပေးရာမှာ နိုင်ငံနဲ့ ဒေသအကျိုး၊ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာဆောင်ရွက်နိုင်သူ၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးအမြင်ရှိသူ၊ နိုင်ငံတည်သရွေ့ ရှိနေမယ့် စစ်တပ်နဲ့ လက်တွဲနိုင်သူတွေ ဖြစ်ဖို့လိုတယ်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒသာဖြစ်ပြီး မဲပေးနိုင်အောင် လုပ်ဆောင်ပေးရန်မှာ ၎င်းတို့ တာဝန်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ဆိုသော်လည်း လက်တွေ့မြေပြင်တွင်မူ ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် လက်မခံသူများကို အမှုဖွင့်ဖမ်းဆီးခြင်းနှင့် ဖိအားပေး ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
စစ်ခေါင်းဆောင်က ၎င်းတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်ဟု ဆိုကာ ယုံကြည်ပါက မဲပေးကြရန် စည်းရုံးခဲ့သလို လူထုနှင့် နိုင်ငံတကာက ကန့်ကွက်နေသော အဆိုပါ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန်လည်း ဆက်လက် ပြောကြားခဲ့သည်။
ယင်းအပြင် စစ်ခေါင်းဆောင်သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့လည်း သွားရောက်ကာ တပ်ဖွဲ့ဝင်များနှင့် မိသားစုများကို ရွေးကောက်ပွဲအတွက် စည်းရုံးခဲ့ပြီး ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့ကို အာဏာလွှဲပေးမည်ဟု ထပ်မံ ပြောဆိုခဲ့ကြောင်း ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ဓာတ်ပုံ-MOI