ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
သေဆုံးမှုများပြားပြီး အင်အားပြုန်းတီးနေသည့်ညပန်းတောင်းတပ်နယ်အတွင်းကို စစ်ကော်မရှင်က အင်အားအပြည့်ပါ စစ်ယာဉ်တန်းများ စေလွှတ်ခဲ့ကြောင်း သိရသည်။
အင်အားအပြည့်ပါ စစ်ကော်မရှင်၏ စစ်ယာဉ်တန်း ၂၂ စီးသည် ပြီးခဲ့သည့်ရက်ပိုင်း ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းက ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည်လမ်းအတိုင်း ဖြတ်လာပြီး ပန်းတောင်းတပ်နယ် အတွင်းသို့ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ဝင်ရောက်သွားကြောင်း သိရသည်။
“ဒီလထဲမှာ ပန်းတောင်းကို စစ်ယာဉ်တန်းတွေ ဒုတိယအကြိမ်ဝင်လာတာဖြစ်ပါတယ်။ ပထမအသုတ်က ရန်ကုန်ကထုတ်နုတ်တပ်တွေလို့ သိရပါတယ်။ ဒုတိယအသုတ်ပို့တာကတော့ ဘယ်တပ်တွေလဲဆိုတာ စိစစ်နေပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များသည် ပန်းတောင်းတပ်နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ပွိုင့် ၆၆၆ စခန်းကုန်းကို ရိက္ခာ ထောက်ပို့ရန်လာသည့် စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့် မျက်မြင် သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အများစုမှာ ထိခိုက်ဒဏ်ရာရရှိကာ အထိနာသွားကြောင်း သတင်းရင်းမြစ် ထံမှ သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရန်ကုန်ကတပ်ပေါင်းစုများကို ပန်းတောင်းတပ်နယ် အတွင်းသို့ စစ်ကူပို့ရန်စေလွှတ်ခဲ့ရာ ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်ခဲ့ရသည်။
စစ်ကော်မရှင်သည် ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရန်အတွက် လေသာ တောင်ခြေစစ်စခန်းမှ တပ်များကို စစ်ကြောင်းထိုးစေလွှတ်နေပြီး လက်နက်ကြီးစခန်း ဆောက်လုပ် ထားသည့် ပွိုင့် ၆၆၆ စခန်းကုန်းကိုလည်း စစ်ကူနှင့် ရိက္ခာပို့တပ်များ ဆက် တိုက်စေလွှတ်နေ ခြင်းဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)