ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဒီဇင်ဘာ ၂၁ ရက်)
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကျဉ်းထောင်နဲ့ စစ်ကြောရေးစခန်းတွေအတွင်း လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခံရမှုတွေဟာ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်မှန်တွေ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတည်ပြုချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၇,၆၂၄ ဦး ရှိခဲ့ပါပြီ။
ဒါ့အပြင် မတရားအာဏာလုမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀,၁၆၁ ဦး ရှိခဲ့ရာမှာ အခုထိ ၂၂,၆၆၃ ဦးကတော့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲက ၁၁,၄၁၁ ဦးဟာ ထောင်ဒဏ် ချမှတ်ခံထားရသလို ရွေးကောက်ပွဲဥပဒေနဲ့ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ ၁၂၂ ဦးအထိ ရှိနေတာကိုလည်း တွေ့ရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ထိခိုက်မှု (Trauma) တွေကိုလည်း ခံစားကြ ရပါတယ်။ အမှောင်ထုထဲကနေ လွတ်မြောက်လာတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်မှာ စွဲကျန်ခဲ့တဲ့ ဒဏ်ရာတွေကို ကုစားဖို့ အချိန်နဲ့ စနစ်တကျ ဂရုစိုက်မှု လိုအပ်ပါတယ်။
ခန္ဓာကိုယ်ကျန်းမာရေးကို ပြန်လည်တည်ဆောက်ပါ
စစ်ကြောရေးနဲ့ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အာဟာရချို့တဲ့မှုနဲ့ ရိုက်နှက်နှိပ်စက်မှုတွေအတွက် စေ့စပ်သေချာတဲ့ ဆေးစစ်မှု ခံယူရပါမယ်။ အထူးသဖြင့် အတွင်းကြေဒဏ်ရာများ၊ အရိုးအဆစ် ပြဿနာများနှင့် ကူးစက်ရောဂါတွေဖြစ်ကြတဲ့ အရေပြားရောဂါ၊ တီဘီ၊ စိတ်ထိခိုက်ခြင်းကြောင့် ဖြစ်ရတဲ့ အူလှိုင်းထမူမမှန်ရောဂါ၊ အစာအိမ်ရောဂါ စတာတွေ ခံစားနေတာလားဆိုတာ ကျွမ်းကျင် ဆရာဝန်နဲ့ အမြန်ဆုံး ရှာဖွေစစ်ဆေးပါ။
အကျဉ်းထောင်အတွင်းမှာ အစာရေစာ ငတ်မွတ်ခဲ့တာကြောင့် အာဟာရကို ဖြည်းဖြည်းချင်း ဖြည့်တင်း ပါ။ အစာပျော့ပျော့နှင့် ကြေညက်လွယ် အစားအစာများကို နည်းနည်းချင်းနှင့် အကြိမ်ရေများများ စားပေးပါ။ ရေသန့်သန့် သောက်သုံးပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ ရိုက်နှက်ခံထားရသည့် ဒဏ်ရာဟောင်းများ၊ အရိုးအက်ခြင်း၊ အဆစ်လွဲခြင်းနှင့် အတွင်းကြေများ (အထူးသဖြင့် ကျောပြင်၊ ရင်ဘတ်နှင့် ဦးခေါင်း) ကို စေ့စေ့စပ်စပ် ရှာဖွေရပါမယ်။ လျှပ်စစ်ရှော့တိုက်ခံရတဲ့ အမှတ်အသားတွေ၊ မီးလောင်ရာတွေလို အရေပြားနှင့် အပြင်ပန်းဒဏ်ရာတွေ ကိုလည်း သေသေချာချာ စစ်ဆေးရပါမယ်။
ဦးခေါင်းရိုက်နှက်ခံရမှုကြောင့် အမြင်အာရုံဝေဝါးခြင်း၊ လက်ခြေတုန်ခြင်း၊ အကြားအာရုံချို့တဲ့ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းသွားခြင်း စသဖြင့် ဦးနှောက်အာရုံကြော ထိခိုက်နစ်နာ မှုများကို ကုသပေးရပါမယ်။ သွားကျိုးခြင်း၊ သွားဖုံးများ ပျက်စီးခြင်းတို့ကိုလည်း သွားဆရာဝန်နှင့် ပြသကုသရန် လိုအပ်ပါတယ်။ ထို့ပြင် သွေးအားနည်းရောဂါ၊ ကျောက်ကပ်နှင့် အသည်းကျန်းမာရေး၊ ဗီတာမင်ချို့တဲ့ခြင်း ရောဂါများအတွက် ဓာတ်ခွဲစစ်ဆေးမှုများ လုပ်ရပါမယ်။ ရေရှည်အစာငတ် ခံထားရခြင်းကြောင့် ကြွက်သားပရိုတင်းများ သွေးထဲရောက်ကာ ကျောက်ကပ်ထိခိုက်ခြင်း (Rhabdomyolysis) အခြေအနေအထိ ဖြစ်နိုင်တာကို သတိပြုရပါမယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (PTSD) ကို ကုစားပါ
နှိပ်စက်ညှဉ်းပန်းခံခဲ့ရသူ အများစုဟာ Post-Traumatic Stress Disorder (PTSD) လို့ခေါ်တဲ့ စိတ်ဒဏ်ရာလွန် ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အိပ်မက်ဆိုးမက်တာ၊ အသံကျယ်ကျယ်ကြားရင် ထိတ်လန့်တာ၊ ညဘက် အိပ်မပျော်တာတွေဟာ ကိုယ့်ရဲ့အပြစ်မဟုတ်ဘဲ ဦးနှောက်က ဘေးအန္တရာယ်ကို ကာကွယ်ဖို့ ကြိုးစားနေတာကြောင့်ပါ။
စိတ်အဆင်သင့်မဖြစ်ခင်မှာ အတိတ်ကအကြောင်းတွေကို အတင်းအကျပ် ပြန်ပြောပြဖို့ မလိုပါဘူး။ စိတ်ချရတဲ့သူ ရှိရင်တော့ ရင်ဖွင့်ပါ။ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်တာက အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။ “ငါတစ်ယောက်ပဲ လွတ်လာတယ်” ဆိုတဲ့ အပြစ်ရှိသလို ခံစားရစိတ် (Survivor’s Guilt) ကို ဖယ်ရှားလိုက်ပါ။ ကိုယ်ဟာ မတရားအနိုင်ကျင့်ခံရသူ (Victim) သာ ဖြစ်ပါတယ်။
စိတ်ဒဏ်ရာတွေကနေ ပြန်လည်ထူထောင်ဖို့ အသက်ရှူလေ့ကျင့်ခန်း (Grounding Technique) ကို လုပ်ဆောင်နိုင်ပါတယ်။ ထိတ်လန့်လာသည့်အခါ နှာခေါင်းမှလေကို ၄ စက္ကန့် ရှူသွင်း၊ ၄ စက္ကန့် အောင့်ထား၊ ၄ စက္ကန့်အတွင်း ပြန်ထုတ်ပြီး ၄ စက္ကန့် နားပါ။ ဒါက ဦးနှောက်ကို လုံခြုံနေပြီလို့ အချက်ပေးတဲ့ အလွယ်ကူဆုံးနည်းလမ်းပါ။ အမြဲတမ်း နိုးကြားနေသောစိတ် (Hypervigilance) ကြောင့် လူမြင်လျှင် ကြောက်ရွံ့ခြင်းတွေဟာ ဒီလိုအခြေအနေမှာ ဖြစ်တတ်တဲ့ ပုံမှန်တုံ့ပြန်မှုသာ ဖြစ်ပါတယ်။
အမျိုးသမီးများနှင့် ကလေးငယ်များကိုအထူးဂရုစိုက်ပါ
ထောင်ကျခဲ့တဲ့ မိခင်တွေအတွက် အထူးလိုအပ်ပါတယ်။ မိခင်စိတ်တည်ငြိမ်ဖို့ ကြိုးစားရမှာဖြစ်သလို၊ ကလေးငယ်တွေကို ဆူညံသံနှင့် အကြမ်းဖက်မှု မြင်ကွင်းများမှ ဝေးရာမှာ ထားရှိပေးရပါမယ်။ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံခဲ့ရသူတွေ (အမျိုးသမီး၊ အမျိုးသားနှင့် LGBTQ များ) အနေနဲ့ အမျိုးသမီးရောဂါကု ဆရာဝန် (OG) သို့မဟုတ် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ စနစ်တကျ ပြသကုသမှု ခံယူရမှာ ဖြစ်ပါတယ်။
မိသားစု၊ ပတ်ဝန်းကျင်နှင့် ဆရာဝန်များ၏ အခန်းကဏ္ဍ
လွတ်မြောက်လာသူကို သူရဲကောင်းတစ်ယောက်လို နွေးထွေးစွာ ကြိုဆိုပေးပါ။ အတင်းအကျပ် မေးခွန်းတွေ မမေးဘဲ သူတို့ရဲ့ တစ်ဦးချင်း လုံခြုံမှုကို လေးစားပေးပါ။ စိုးရိမ်စိတ် လျှော့ချဖို့ အရေးပေါ်အခြေအနေအတွက် ဘေးကင်းရေး အစီအစဉ် (Safety Plan) ကြိုတင်လုပ်ထားပါ။ သတင်းအချက်အလက် နားထောင်မှုကိုလည်း ကန့်သတ်လိုက်သင့်ပါတယ်။
ဆရာဝန်များအနေဖြင့်လည်း လူနာကို စိတ်ချလုံခြုံမှုပေးပြီး ယုံကြည်မှုကို ဂရုတစိုက် တည်ဆောက် ရပါမယ်။ လူနာကို စိတ်ထိခိုက်စေမယ့် မေးခွန်းတွေ ထပ်ခါတလဲလဲ မေးခြင်းကို ရှောင်ကြဉ်ပြီး လူနာ၏ အချက်အလက်များကို ဆရာဝန်ကျင့်ဝတ်နှင့်အညီ လျှို့ဝှက်စွာ ထိန်းသိမ်းပေးရပါမယ်။
ရန်သူရဲ့ အဓိက အသုံးချလက်နက်က “အကြောက်တရား” ဖြစ်ပါတယ်။ စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံနိုင်စွမ်းရည် (Resilience) ရှိတာဟာ အကြီးဆုံး အောင်ပွဲပါပဲ။ မိမိကိုယ်ကို ဂရုစိုက်ခြင်းကလည်း တော်လှန်ရေးတစ်ရပ်ပဲ ဖြစ်တယ်ဆိုတာ သတိရပါ။
နောက်တစ်ပတ်မှာတော့ “သကြား” ဆိုတဲ့ ကျန်းမာရေးဆောင်းပါးကို တင်ဆက်သွားပါမယ်။ မတရား ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ။ လွတ်မြောက်လာတဲ့ နိုင်ကျဉ်းများ အားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လွတ်မြောက်လာသူများ #ပြန်လည်ကျန်းမာစေဖို့ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်သွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများ ရယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။)