ဧရာ၀တီတိုင်းမ်
(တောင်ငူ)၊ ဒီဇင်ဘာ ၂၁ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း အမှိုက်သိမ်းဆည်း ရန် ပျက်ကွက်နေရုံမျှမက မိမိတို့၏ စည်ပင်ဝန်ထမ်းအိမ်ရာအတွင်း၌ပင် အမှိုက်များ တောင်လိုပုံကာ ပြည့်လျှံနေကြောင်း သိရသည်။

 

တောင်ငူမြို့ စည်ပင်ဝန်ထမ်းအိမ်ရာအတွင်း စုပုံနေသည့် အမှိုက်များသည် ခြံစည်းရိုးအုတ်တံတိုင်းကို ကျော်လွန်ကာ လူသွားလမ်းပေါ်အထိ လျှံကျနေသည်အထိ ဆိုးရွားနေကြောင်း မြို့ခံများက ဆိုသည်။

 

မြို့ပေါ်ရပ်ကွက်များအတွင်းသို့လည်း အမှိုက်သိမ်းကားများ ပုံမှန်လာရောက်ခြင်းမရှိသောကြောင့် ရပ်ကွက်လမ်းဆုံတိုင်းတွင် အမှိုက်ပုံကြီးများ ဖြစ်ပေါ်နေပြီး အနံ့အသက်ဆိုးများကြောင့် ဒေသခံများမှာ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။

“တောင်ငူစည်ပင်က အလုပ်မလုပ်ဘူး။ အမှိုက်သိမ်းကားက ပုံမှန်မထွက်ဘူး။ တစ်လလောက်နေမှ တစ်ခါလာတယ်။ ဒါတောင် နေရာတိုင်း မဟုတ်ဘူး။ အမှိုက်ကားလာရင်လည်း ပိုက်ဆံပေးမှ အမှိုက်ကို တင်ချင်ကြတာ” ဟု တောင်ငူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စည်ပင်သာယာအနေဖြင့် လမ်းဆုံလမ်းခွများတွင် စွန့်ပစ်ထားသည့် အမှိုက်များကို ရှင်းလင်းခြင်း မပြုသည့်အပြင် အမှိုက်ကားများလည်း မလာသဖြင့် မြို့ခံများက အလွန်စိတ်ပျက်လျက်ရှိကြောင်း သိရသည်။

 

အမှိုက်ပုံများသည် လူနေရပ်ကွက်များ၊ လမ်းဆုံလမ်းခွများသာမက ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းဝန်းကျင်များအထိ ပြည့်နှက်နေသဖြင့် “အမှိုက်မပစ်ရ၊ မင်းအဖေစည်ပင်တွေ သိမ်းတာမဟုတ်ဘူးကွ၊ ဘုန်းကြီးတွေသိမ်းတာ” ဆိုသော သရော်သည့်ဆိုင်းဘုတ်များကိုပင် စိုက်ထူ ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ-CJ