‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၁ ရက်

‎ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ပြည်သူ လေးဦးသေဆုံးကြောင်း သိရသည်။

‎ယမန်နေ့ ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်းအချိန်တွင် စစ်ကော်မရှင်က လေယာဉ်ဖြင့် ပေါင် ၂၅၀ဗုံး နှစ်လုံးကို လေးမျက်နှာမြို့နယ်၊ စောပြာရွာအတွင်း လာရောက်ကြဲချသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”တိုက်ပွဲကတော့လေးမျက်နှာမြို့နယ်အစပ်တွေမှာရှိတယ်။ စောပြာဘက်မှာလည်းရှိ‌ပေမယ့် ဗုံးကြဲတဲ့နေရာနဲ့တော့ အဝေးကြီး။ ဗုံးကြဲချင်လို့ကို လာကြဲသွားတာ” ဟု ဒေသတွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းမှ နေအိမ် ၁၀လုံးထက်မနည်း ပျက်စီးသွားပြီး ဒေသခံများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ရက်နေ့ကလည်း ခတ်ချိုကျေးရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကျေးရွာအတွင်းမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

‎ထို့အပြင် စစ်ကော်မရှင်က စောပြာကျေးရွာကိုပင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က စက်တပ်လေထီး ပါရာမော်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ပြန်ရာ ပြည်သူသုံးဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

‎စစ်ကော်မရှင်က ခလရ ၃၆ကျုံပျော်တပ်ရင်းမှနေ၍ စက်တပ်လေထီးများကိုစေလွှတ်ပြီး လေးမျက်နှာကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

‎ရေကြည်အမြောက်တပ် အမတ ၃၄၄မှနေ၍ လေးမျက်နှာနှင့် ရေကြည်အစပ်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ – ပန်းတောကြီးလမ်းဆုံ (ပုံဟောင်း)