ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်များနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းဖြင့် ဆက်တိုက် ဖြည့်တင်းနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ ကျောက်ဖြူမြို့နယ်ရှိ ကပ်သပြေ၊ ချောင်းမြှောင်နှင့် ရမ်းဗြဲလမ်းမကြီးအနီးတို့တွင် တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့် စစ်ကော် မရှင်က ရွေးကောက်ပွဲကျင်းပရန် လျာထားသည့် ချောင်းမြှောင်ကျေးရွာတွင် တိုက်ပွဲများ ကြောင့် ဒေသခံများအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“မြို့နဲ့ တိုက်ပွဲဖြစ်တဲ့နေရာက ချောင်းပဲခြားတော့တယ်။ ခမရ-၃၂ တပ်ရင်းနားမှာလည်း တိုက်ပွဲ ရှိနေတယ်။ စစ်တပ်ကတော့ အင်အားတွေ ဆက်တိုက်ဖြည့်နေတာပဲ။ နေဗီတွေကလည်း လက်နက် ကြီးနဲ့ ပစ်ကူပေးနေတယ်။ AA ရဲ့ ထိုးစစ်က ပိုပြီးနေရာကျယ်လာတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကပ်သပြေရွာတိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေသည့်အတွက် ဓညဝတီ ရေတပ်စခန်းဌာနချုပ်မှတစ်ဆင့် စစ်ကူအင်အားရာချီကို တစ်သုတ်ပြီးတစ်သုတ် ပို့ဆောင် နေရကြောင်း သိရသည်။
ထို့အပြင် မင်းပြင်ရွာတွင်လည်း ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်က အသာစီးရနေသည်ဟု သတင်းများဖြန့်ဝေနေသော်လည်း လက်တွေ့တွင် AA ၏ ထိုးစစ်ကြောင့် စစ်တပ်ဘက်မှ တပ်ဆုတ်နေရကြောင်း မြေပြင်သတင်းများအရ သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းကလည်း တပ်မ (၁၁) နည်းဗျူဟာမှူး ဦးဆောင်သည့် ခမရ ၂၁၂၊ ၂၁၃၊ ၂၁၉ တို့မှ အင်အား ၅၀၀ ကျော်ကို ရန်ကုန်မှတစ်ဆင့် ကျောက်ဖြူရေတပ်စခန်းများသို့ ပို့ ဆောင်ခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် စစ်ကူအင်အားရာချီကို ရေကြောင်းမှနေ၍ ထပ်မံဖြည့်တင်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ကျောက်ဖြူမြို့ပေါ်တစ်ဝိုက်ကိုသာ စစ်ကော်မရှင်က စိုးမိုးထားနိုင်ပြီး ကျန်ကျေးရွာများရှိ စစ်စခန်းအများအပြားကို လက်လွှတ်ထားရပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက် (ပုံဟောင်း)