‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၁ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်ချာလည်ရှိ ဒေသအချို့တွင် စစ်ကော်မရှင်တပ်များနှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန် နေကြောင်း သိရသည်။

မြို့အနီးရှိ စီအင်၊ ၅ မိုင်၊ ကုန်းမဟတ်နှင့် ခလရ (၄၇) တပ်ရင်းအနီးတို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဗန်းမော်မြို့၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသဖြင့် မြေပြင်တိုက်ပွဲ အခြေအနေ အသေးစိတ်ကို သိရှိရန် ခက်ခဲနေသော်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ဆိုသည်။

“ဗန်းမော်ဘက်က ဆက်သွယ်ရေးလိုင်းတွေ ခက်ခဲနေလို့ တိုက်ပွဲအတက်အကျ အသေးစိတ်တော့ မေးလို့မရသေးဘူး။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ။ နှစ်ဖက်စလုံး အထိအခိုက်ရှိ တယ်လို့ ကြားရတယ်” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗန်းမော်မြို့သို့ ဦးတည်သည့် မြေပြင်ထောက်ပို့လမ်းကြောင်းများကို KIA ဘက်က စိုးမိုးထား၍ စစ်ကော်မရှင်အနေဖြင့် လေကြောင်းကို အဓိကထားကာ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်နေရသည်။ ထို့ပြင် စစ်ကော်မရှင်အနေဖြင့် လေကြောင်းပစ်ကူနှင့် ဒရုန်းများကို ဆက်တိုက်အသုံးပြုကာ နယ်မြေ စိုးမိုးမှုပြန်ရရန် ကြိုးပမ်းနေကြောင်း သိရသည်။

“လေယာဉ်နဲ့ အနွေးထည်တွေ၊ ရိက္ခာတွေ လာချပေးတယ်။ အရင်က လေယာဉ်နှစ်စင်းအထိ ပစ်ချ ခံရပြီးနောက်ပိုင်း အခုလို လေကြောင်းကနေ ပြန်ပို့နိုင်တာကို စစ်တပ်က အားသစ်မွေးနေတဲ့ သဘောပဲ။ တိုက်ပွဲအခြေအနေ အတိအကျကိုတော့ တာဝန်ရှိသူတွေ ထုတ်ပြန်မှပဲ ပိုသိရမှာပါ” ဟု သတင်းရင်း မြစ်က ဆက်လက်ပြောကြားသည်။

KIA သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို အသာစီးရယူကာ တိုက်ခိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်သင်္ဘောအုပ်စုများဖြင့် စစ်ကူနှင့် ခဲယမ်းများ ရောက်ရှိလာပြီးနောက် သိမ်းယူထားသည့် တပ်စခန်း သုံး ခုထက်မနည်းကို ပြန်လည် လက်လွှတ်ခဲ့ရသည်။

စစ်ကော်မရှင်၏ ခလရ-၄၇ မှ တပ်သားများသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့အနီးရှိ ကုန်းမဟတ်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)