‎ဧရာဝတီတိုင်းမ်
‎ဒီဇင်ဘာ ၂၁ရက်

‎မကွေးတိုင်း၊ ပဒါန်းတပ်နယ်အတွင်းရှိ ဂုတ်ကြီးကျေးရွာအနီး တပ်ဖြန့်လာသည့် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

‎ဂုတ်ကြီး စခန်းအနီး အင်အားရာချီသုံး၍ တပ်ဖြန့်လာသည့် စစ်ကော်မရှင်တပ်နှင့် AAတို့တိုက်ပွဲ ဖြစ်ပွားရာ စစ်ကော်မရှင်က လေကြောင်းမှပါ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎”ဂုတ်ကြီးဘက်ကို အင်အားအလုံးအရင်းသုံး တပ်ဖြန့်လာတာ ဟုတ်ပါတယ်။ ထိတွေ့တိုက်ပွဲ တွေလည်းရှိနေပါတယ်။ လေကြောင်းနဲ့ ဒရုန်းသုံးပြီး စစ်တပ်က ပစ်ကူပေးနေရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်နေ့က စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်များမှနေ၍ ဂုတ်ကြီးကျေးရွာနှင့်လမ်းပိုင်းကို စစ်တပ်ကပြန်လည်စိုးမိုးထိန်းချုပ်ထားကြောင်း ဖြန့်ဝေခဲ့သည်။

‎အောက်တိုဘာလမှစတင်ကာ မြေပြင်လမ်းကြောဖြတ်တောက်ခံထားရသည့် စစ်ကော်မရှင်သည် လမ်းသစ်နှင့်လမ်းဟောင်းနှစ်ခုလုံးမှ ပြန်လည်တပ်ဖြန့်လာပြီး ဆောက်လုပ်ရေးသုံး ပစ္စည်းများကိုပါ နတ်ရေကန်လမ်းသို့ လေကြောင်း အစောင့်အရှောက်၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတို့နှင့် ပေးပို့နိုင်လာကြောင်း သိရသည်။

စစ်ကော်မရှင်သည် ‎ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်နေ့က ဂုတ်ကြီးကျေးရွာအနီး အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုးတပ်ဖြန့်လာရာ AA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကော်မရှင်သည် ‎နတ်ရေကန်စခန်းကို ခံစစ်မွမ်းမံပြင်ဆင်နေပြီး ဆောက်လုပ်ရေးပစ္စည်းများ ပေးပို့နေသည့် အတွက် လမ်းဟောင်းဘက်ကိုပါ စစ်ကြောင်းများ အကန့်အသတ်နှင့် ဖြတ်သန်း နေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

ပုံစာ-AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)